အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါ်အောင်းဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အမတ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိနေသည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ရေး အပါအဝင် ဒီမိုကရေစီနှင့် မလျော်ညီသော ပြဋ္ဌန်းချက် ၁၂ ချက် ပြင်ဆင်ရေး စသည်တို့အတွက် သင်တန်းပေး ဆွေးနွေးပွဲတို့ကို NLD ရုံးချုပ်တွင် ယနေ့ စတင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုလိုက်ကတည်းက NLD က ဒီမိုကရေစီနဲ့ မညီဘူးလို့ ထုတ်ပြန်ထားတဲ့ အချက် ၁၂ ချက်ရှိတယ်။ အဲဒီ ၁၂ ချက်ကို အဓိကထားပြီး ပြုပြင်ဖို့ ဆွေးနွေးကြတာပါ” ဟု NLD ပြန်ကြားရေးတာဝန်ခံနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေးအတွက် ဥပဒေပညာရှင် ဦးဝင်းမြင့်က ယနေ့ ဆွေးနွေးရှင်းလင်းပြီး အဓိကအားဖြင့် တပ်မတော်နှင့် သက်ဆိုင်သော ဥပဒေ ပြဋ္ဌာန်းချက်များ ပြင်ဆင်ရန်ဖြစ်ကြောင်း သိရှိရသည်။
NLD လွှတ်တော်ကိုယ်စားလှယ်များ ပြင်ဆင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်း ချက်များတွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟူသော ပြဋ္ဌာန်းချက်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများတွင် “စစ်ရေးအမြင်ရှိရမည်” ဆိုသော ပြဋ္ဌာန်းချက်၊ ဥပဒေပြုရေးနှင့် စပ်လျဉ်ပြီး ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်သည်ဆိုသော ပြဋ္ဌာန်းချက် စသည့် ၁၂ ချက် ပါဝင်ကြောင်း သိရသည်။
“အစည်းအဝေးလို့ ပြောရင်လည်း ရသလို၊ သင်တန်းလို့ ပြောရင်လည်း ရပါတယ်။ သင်တန်းလို့ ခေါ်နိုင်တာက ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြင်ဆင်ရမယ့် အချက်တွေ၊ ပြင်ဆင်သင့်တာတွေကို ဥပဒေပညာရှင်က ပို့ချပြီးတော့ ကိုယ်စားလှယ်တွေက သိချင်တာ မေးတာပေါ့။ ကိုယ်စားလှယ်တွေ အချင်းချင်းလည်း ဘယ်လို ဥပဒေတွေကို ပြင်ဆင်ကြမယ် ဆိုတာတွေလည်း တိုင်ပင်ဆွေးနွေးကြပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မှ စတင်ပြီး ဧပြီလ ၂၂ ရက်နေ့ အထိ ကျင်းပမည်ဟု သိရသည်။
ဧပြီလ ၂၃ ရက်နေ့ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ NLD မှ စတင် တက်ရောက်ရန် မသေချာသေးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်လွှာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ကာကွယ် စောင့်ရှောက်ပါမည်” ဆိုသော စကားရပ်အစား “လေးစားလိုက်နာပါမည်” ဆိုသော စကားရပ်ဖြင့် အစားထိုးရေး သက်ဆိုင်ရာထံ တင်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက NLD မှ ဦးဉာဏ်ဝင်းကို လာရောက်တွေ့ဆုံရန် ခေါ်ယူသည့်အတွက် ဦးဉာဏ်ဝင်း နေပြည်တော်သို့ ရောက်ရှိနေကြောင်း၊ ဦးဉာဏ်ဝင်း ရန်ကုန်သို့ ပြန်ရောက်လာလျှင် လွှတ်တော် စတင် တက်ရေး၊ မတက်ရေး ရှင်းလင်းသော အဖြေရမည်ဖြစ်ကြောင်း သိရှိရသည်။
“မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားတဲ့ ကျနော်တို့ NLD ပါတီကို မှတ်ပုံတင်လာအောင်၊ ရွေးကောက်ပွဲဝင်ပြိုင်တဲ့အထိ ပြေပြေလည်လည်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်မှုနဲ့ သွားခဲ့တာဖြစ်လို့ အခု ကျမ်းကျိန်လွှာ ကိစ္စကလည်း အဆင်ပြေသွားမှာပါ။ အားလုံး ညှိနှိုင်းဆောင်ရွက်မှာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD က လွှတ်တော်မဲဆန္ဒနယ် ၄၅ နေရာအနက် ၄၃ နေရာတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။