သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်အဖြစ် မနက်ဖြန်တွင် စတင်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန်နှင့် မဟာမဲခေါင် နိုင်ငံများ၏ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲ ပြင်ပတွင်လည်း ဂျပန်ဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ဆွေးနွေးပြောဆိုရန်လည်း ရှိကြောင်း သိရှိရသည်။

နှစ်ပေါင်းများစွာ အထီးကျန်နေသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးဆီသို့ အသွင်းကူးပြောင်းရေး အထောက်အပံ့ဖြစ်စေရန် တစိတ်တပိုင်းအနေဖြင့် ဂျပန်နိုင်ငံက ငွေကြေး ကူညီမည့်အစီအစဉ် ပြန်လည် စတင်နိုင်ရေး ဧပြီလ ၂၂ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှိဟိကိုနိုဒ က ကြေညာနိုင်ဖွယ်ရှိကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုထားသည်။
ယခု သမ္မတ ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်သည် နှစ်ပေါင်း ၂၈ နှစ်တာအတွင်း မြန်မာနိုင်ငံမှ အဆင့်အမြင့်ဆုံး နိုင်ငံ့ခေါင်းဆောင်တဦး၏ ပထမဆုံးခရီးစဉ် ဖြစ်ကြောင်း အဆိုပါ ဂျပန်အရာရှိက ပြောသည်။
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံမှ ထိပ်သီး စီးပွားရေးသမားများနှင့် အစိုးရ ဝန်ကြီးတချို့လည်း လိုက်ပါမည်ဖြစ်ကြောင်း၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး၊ ဂျပန် စီးပွားရေးဝန်ကြီး အပါအဝင် ဂျပန် အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများ၊ ဂျပန် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်နေမှုများကြောင့် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးနှင့် တချို့သော နည်းပညာ အကန့်အသတ် အကူအညီပေးမှုများမှလွဲ၍ အဓိက အကူအညီ ပေးမှုများဖြစ်သည့် ပြည်ပနိုင်ငံများအား ဂျပန်၏ ဖွံ့ဖြိုးတိုးတက်ရေး ကူညီမှု (ODA) ကို ရပ်ဆိုင်းခဲ့သည်။
၂၀၀၇ ခုနှစ်က ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလတွင် ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် ခန်ဂျိနာဂအိသည် မြန်မာအစိုးရ စစ်သားတဦး၏ သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံရပြီးနောက်ပိုင်း ဂျပန်-မြန်မာ ဆက်ဆံရေး တင်းမာခဲ့သည်။
ဂျပန်နိုင်ငံသည် ဘဏ္ဍာနှစ် ၁၉၈၇ ခုနှစ်ကတည်းက အခြေခံ အဆောက်အဦများ တည်ဆောက်ရန်အတွက် အတိုးနည်း ချေးငွေများ မြန်မာကို စတင်ချေးခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံက ဂျပန်နိုင်ငံအား ကြွေးမြီ ဂျပန်ယန်းငွေ စုစုပေါင်း ဘီလီယံ ၄၈၀ ခန့် ပေးရန်ရှိကြောင်း၊ တချို့သော ကြွေးမြီများကို ၂ နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ ဆွေးနွေးပြီးနောက် လျှော့ပေါ့ပေးနိုင်ကြောင်းလည်း သတင်းများက ဆိုသည်။
အတိုက်အခံ နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီးနောက် ဧပြီ ၁ ရက်နေ့က ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့သည်။
ထို့နောက်ပိုင်း ဂျပန်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပြီး ဂျပန်ဘက်မှ မြန်မာနိုင်ငံ၏ ငွေကြေးပြဿနာ အခက်အခဲများ ပြေလည်စေရေးအတွက် လာမည့် ၂၀၁၅ ခုနှစ်မှ စတင်လည်ပတ်နိုင်မည့် စတော့ဈေးကွက် ပေါ်ထွန်းရေးကို အထောက်အကူပြုမည့် နည်းပညာနှင့် ငွေကြေး ကုမ္ပဏီတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဂျပန်ဘက်က ကမ်းလှမ်းခဲ့သည်။
ထို့အပြင် ဂျပန် လေကြောင်း ကုမ္ပဏီတခုဖြစ်သည့် All Nippon Airways (ANA) ကလည်း မြန်မာနိုင်ငံသို့ မကြာမီ ပြန်လည် ပြေးဆွဲရန် ပြင်ဆင်နေကြောင်း သိရသည်။