ပဲခူးမြို့တွင် ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့်လက်ရောက်ကျူးလွန်ခြင်းခံခဲ့ရသော အိမ်ဖော် မအေးယုအောင်ကို အိမ်ရှင်များက အလိုမတူဘဲ ထိန်းသိမ်းထားခြင်းခံနေရကြောင်း မိခင်ဖြစ်သူက စွပ်စွဲပြောဆိုလိုက်သည်။
ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်က ၎င်းတို့ထံတွင် အိမ်ဖော် အဖြစ် လုပ်ကိုင်နေသော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ စုတ်ပြဲသည်အထိ ကျူးလွန်ခဲ့သည့် သတင်းပံျ့နှံ့ခဲ့ပြီး ပြန်လည်ခေါ်ယူရန်ကြိုးစားသော်လည်း အိမ်ရှင်များက အတင်းအကျပ် ထိန်းသိမ်းထားကြောင်း မိခင်ဖြစ်သူ ဒေါ်ကြူကြူ က ပြောပြသည်။
“သူတို့က ခုချိန်ပြန်လွှတ်လိုက်လို့ စစ်ဆေးမှုတွေပေါ်ထွက်လာရင် သူတို့ဒုက္ခရောက်မှာကြောက်လို့ သမီးကို ပြန်မလွှတ်တာ။ ကျမ သမီးကိုသွားတွေ့တုန်းကလည်း ဒေါ်ဖြူဝင်းသက်က ကျမကိုပါ တရားစွဲမယ်လို့ ခြိမ်းခြောက်တယ်။ သူတို့က ဒဏ်ရာတွေ ပျောက် ကင်းသွားမှ ပြန်ပို့ပေးမယ်လို့ပြောတယ်”ဟု ဒေါ်ကြူကြူ က ဧရာဝတီသို့ ပြောသည်။
ယခုအခါ သမီးဖြစ်သူ မအေးယုအောင်မှာ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက် တို့နှင့်အတူ ပဲခူးမြို့တွင်ရှိနေပြီး မိခင်ဒေါ်ကြူကြူ နှင့် လည်း ဆက်သွယ်ခွင့်မပေးကြောင်း၊ မအေးယုအောင် မှာ မီးပူဖြင့် ကပ်ခံထားသော လည်ပင်း၊ ရင်ဘတ်၊ လက်မောင်းနှင့် ဝမ်းဗိုက် တို့တွင် ဒဏ်ရာများ အပြင်းထန်ခံစားနေရကြောင်းလည်း ၎င်းက ပြောဆိုသည်။
ယင်းအမှုကို ကွင်းဆင်းစစ်ဆေးခဲ့သော ပဲခူးတိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး အဖွဲ့ ရဲ အရာရှိများ ပြောဆိုချက်အရ မတ်လ ၂၅ ရက်နေ့က ဒေါ်ဖြူဝင်းသက်မှ မအေးယုအောင်အား မီးပူဖြင့် ကပ်ခဲ့ကြောင်း သိရသည်။ အလားတူ မအေးယုအောင် ကလည်း ပဲခူးမြို့ လူမှုကူညီရေးအသင်းက ရိုက်ကူးထားသော ရုပ်သံ ဗီဒီယို မှတ်တမ်းတွင် မီးပူဖြင့်အကပ်ခံရကြောင်း ပြောဆိုထားသည်။
သမီးဖြစ်သူ သတင်းအားကြားသိရပြီး၂ ပတ်ကျော်အကြာတွင် ဦးအောင်ဖုန်းဝင်းထံ ဆက်သွယ်စုံစမ်းမှုများပြုလုပ်ရာ၊ ဦးအောင်ဖုန်း ဝင်း က ရန်ကုန်မြို့တနေရာသို့ ခေါ်ဆောင်၍ တွေ့ဆုံခဲ့ပြီး အလှူငွေဟုဆိုကာ ကျပ် ၃ သိန်း ပေးကြောင်း၊ မိမိ အနေဖြင့် စာမတတ် ၍ ဦးအောင်ဖုန်းဝင်း လက်မှတ်ထိုးခိုင်းသော စာရွက်ပေါ်တွင် လက်ဗွေ နှိပ်ပေးခဲ့ကြောင်း ဒေါ်ကြူကြူ က ဆက်ပြောသည်။
ယခုအခါတွင် သမီးဖြစ်သူမအေးယုအောင်နှင့် ဆက်သွယ်လို၍ ဖုန်းဖြင့်ဆက်သွယ်ရာတွင်လည်း အိမ်ရှင်များက ဖုန်းပိတ်သဖြင့် ဆက်သွယ်၍မရသကဲ့သို့ မူရင်းနေထိုင်သည့် နေအိမ်မှ ရွှေ့ပြောင်းသွားသဖြင့် အဆက်သွယ်ပြတ်တောက်နေကာ သမီးဖြစ်သူ အတွက် စိုးရိမ်နေရသည်ဟု ဒေါ်ကြူကြူက ဆိုသည်။
မအေးယုအောင်မှာ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်နှင့် ဘုရားဖူးခရီး ထွက်နေကြောင်း၊ ၎င်းတို့မှာ ပဲခူးမြို့ပေါ်တွင်သာ နေထိုင်ကြောင်း၊ ဖြစ်စဉ်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်မရှင်းလိုကြောင်း တရားသူကြီး ဦးအောင်ဖုန်းဝင်း က ဧရာဝတီသို့ ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အာဏာပိုင်တွေနဲ့ ဆက်သွယ်လုပ်ဆောင် ထားပြီး သားပါ။ သူ့ကိုပေးတဲ့ ငွေကလည်း သက်သက်လှူတာပါ။ နစ်နာကြေး ပေးတာမဟုတ်ပါဘူး”ဟု ဦးအောင်ဖုန်းဝင်း က ပြောသည်။
ယင်းအမှုအား လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသက်ဆွေ ကမူ မအေးယုအောင် မတရား နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး မိခင် ဒေါ်ကြူကြူ က ပဲခူးမြို့ပေါ်ရှိ လမ်းပြကြယ်အဖွဲ့နှင့် တွေ့ဆုံကာ တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း ပြော သည်။ အမှုလိုက်ရန်အတွက်လည်း ရှေ့နေများက သက်သေ အထောက်ထားများ စုဆောင်းလျက် ရှိကြောင်း ခိုင်လုံသည့် အထောက်ထားများ ရရှိထားကြောင်း ပြောဆိုသည်။
“အထောက်အထား တွေက ဒီနေ့မှထပ်ရတယ်။ ကာယကံရှင် ကောင်မလေး(မအေးယုအောင်) ဒါမှမဟုတ် သူ့အမေ(ဒေါ်ကြူကြူ) သဘောတူညီမှုကိုစောင့်ပြီးတာနဲ့ တရားစွဲဖို့ လုပ်ရမှာပါ။ ဒဏ်ရာကတော့ ဖြစ်ဖြစ်ခြင်းသိတာဆိုတော့ ငြင်းပယ်လို့မရပါဘူး။ ပတ် ဝန်းကျင်သက်သေတွေလည်း ရှိထားတယ်”ဟု ဦးသက်ဆွေ က ဆိုသည်။
ယခုအမှုတွဲတွင် ဒေါ်ဖြူဝင်းသက်၏ ခင်ပွန်းဖြစ်သူ တရားသူကြီး ဦးအောင်ဖုန်းဝင်းကို အမှုဖျောက်ဖျက်ရန်ကြိုးစားမှုဖြင့် တရားစွဲဆိုသွားရန်ရှိသကဲ့သို့ အခင်းဖြစ်ပွားရာ နယ်မြေခံ အမှတ် (၃) စခန်းမှူး ဦးသိန်းဦးကိုလည်း အမှုထိန်ချန်မှုတို့ဖြင့် တရားစွဲရန်ပြင် ဆင်နေခြင်းဖြစ်ကြောင်း လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် က ပြောသည်။
“ဦးအောင်ဖုန်းဝင်းက အမှုကို ငွေပေးပြီး ဖျောက်ဖျက်ဖို့ကြိုးစားတယ်။ ဒဏ်ရာတွေကို ဆေးစစ်မှာစိုးလို့။ ကလေးကို မိဘထံပြန် ထည့် မပေးဘူး။ စခန်းမှူးက ဒီအမှုနဲ့ပတ်သက်ပြီး သူ့ဆီမှာ ကောင်မလေးက သွားတိုင်တာ အိမ်ရှင် ဦးအောင်ဖုန်းဝင်းကို ခေါ်ပြီး ပြန် ထည့်ပေးလိုက်တယ်။ ဒါကြောင့် သူ့တို့ကိုပါ တရားစွဲဖို့ ပြင်တာ”ဟု ဦးအေးမြင့် က ပြောသည်။
မအေးယုအောင် ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံအမှတ် (၃) ရဲစခန်းသို့ ယနေ့အထိ တိုင်ကြားလာမှုမရှိကြောင်း၊ ကွင်းဆင်း စုံစမ်းရာတွင်လည်း အိမ်ရှင်က မီးပူဖြင့် ကပ်ခြင်းမဟုတ်ဘဲ ကာယကံရှင်ကိုယ်တိုင် မီးပူဖြင့် ထိမိခြင်းသာဖြစ်သည်ဟု စစ်ချက်များ ရရှိထားကြောင်း စခန်းမှူး ဦးသိန်းဦး က ဧရာဝတီသို့ပြောသည်။
ဒေါ်ကြူကြူအနေဖြင့် စာမဖတ်တတ်ဘဲ ဦးအောင်ဖုန်းဝင်း ပေးသော စာရွက်ပေါ်တွင် လက်ဗွေနှိပ်ခဲ့မှုသည် အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကြေအေးကြောင်း ဖြစ်ခဲ့ပါက တရားစွဲဆိုရာတွင် အခက်ကြုံနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသက်ဆွေ က ပြော သည်။
မအေးယုအောင် မီးပူဖြင့်အကပ်ခံရမှုနှင့် ပတ်သက်သည့် သတင်းများ ပံျ့နှှံ့လာပြီးနောက် တပတ်အကြာတွင် နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် (နရခ) က စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သဖြင့် ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ က ကွင်းဆင်း စုံစမ်းခဲ့ကြောင်း တာဝန်ခံ ဒု ရဲမှူး ဦးရဲဝင်းအောင် က ဧရာဝတီသို့ ပြောဆိုခဲ့သော်လည်း ယနေ့ဆက်သွယ်မေးမြန်းရာတွင် ထိုအမှုနှင့် ပတ်သက်၍ ၎င်းတို့ဌာနနှင့် မသက်ဆိုင်ကြောင်း တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
ဆက်စပ်သတင်းများ