တိုးတက် ပြောင်းလဲလာနေသော နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများ အရှိန် ရလာသည်နှင့် အမျှ ချမှတ်ထားသော ရည်ရွယ်ချက်များကိုထိရောက် အောင်မြင်နိုင်ရေး နေပြည်တော် အစိုးရအဖွဲ့ ပြင်ဖွဲ့ရန် သမ္မတ ဦးသိန်းစိန် စဉ်းစားနေပြီဟု သတင်းရရှိသည်။
နေပြည်တော်အစိုးရနှင့် နီးစပ်သူများက ဝန်ကြီး ၃၇ ဦး ပါဝင်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ကို လာမည့် ရက်သတ္တပတ်များအတွင်း သမ္မတအနေဖြင့် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ရာ နီးစပ်ရာ “ပြုပြင်ပြောင်းလဲလိုသူ” များနှင့် အကျိုးအပြစ်တို့ကို တိုင်ပင်နေကြောင်း သိရသည်။ ၎င်းတို့က “ခေါင်းမာသူ” များသည် “တာဝန်ပြောင်းခံရ” သို့မဟုတ် “တာဝန်လျှော့ချခံရ” နိုင်ကြောင်းလည်း ဆိုသည်။
လန်ဒန်ထုတ် ဖိုင်နန်ရှယ်တိုင်းမ် (Financial Times – FT) သတင်းစာ အွန်လိုင်း သတင်းတပုဒ်တွင်လည်း ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်နိုင်သွားခြင်း၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု တဝက်တပျက်သာ လျှော့ချခြင်းတို့ကြောင့် “ခေါင်းမာသူ” များအကြား လက်ရှိပြုပြင်ပြောင်းလဲရေးကို သံသယများ တိုးလာနေသောကြောင့် အစိုးရအဖွဲ့တွင်းနှင့် လွှတ်တော်တွင်းတွင် အာဏာလွန်ဆွဲလာရသည်ဟု ရေးသားထားသည်။
“ဖြစ်ခဲ့တဲ့ ဖြစ်ထွန်းမှုတွေနောက်မှာ အပြောင်းအလဲတွေ ဆက်လုပ်ဖို့ အချိန်ကောင်းပါ” ဟု နေပြည်တော်အစိုးရနှင့် နီးစပ်သူတဦးက FT ကိုပြောထားသည်။ “အခုဆို စိန်ခေါ်မှုအသစ်တွေက ဘယ်မှာလိုနေသလဲ၊ ပိုထက်တဲ့ ပိုအားကောင်းတဲ့သူတွေ ဘယ်မှာလိုနေသလဲ စသဖြင့် ပိုရှင်းလာနေပါတယ်။ ဘယ်သူဘယ်ဝါကို ချန်ထားရစ်မယ်၊ ဘယ်တာဝန်တွေ ဘယ်သူ့ပေးမယ် ဆိုတာကတော့ မဆုံးဖြတ်ရသေးဘူး” ဟုလည်း ဆက်လက်ပြောသည်။
အစိုးရနှင့်နီးစပ်သူ တခြားတဦးကလည်း ပြုပြင်ပြောင်းလဲရေး ရှေ့ဆက် အကောင်အထည်ဖော်ရန် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှာ “ချိန်ခွင်လျှာသစ်” ဖြစ်ကြောင်း ဆိုသည်။
၎င်းက “အကြီးဆုံးစိန်ခေါ်မှုက ဒီချိန်ခွင်လျှာသစ်ကို ဘယ်လိုတည်ဆောက်မလဲ။ ဒီသုံးဦးဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးဘက်က ခေါင်းမာသူတွေရဲ့ ထိုးနှက်ချက်တွေကို တန်ပြန်ဖို့ အင်အားကောင်းရမယ်။ ဒီပုံစံနဲ့ အလုပ်ဖြစ်မှာပါ” ဟု ဆိုသည်။
လူအများက “ခေါင်းမာသူ” များစာရင်းတွင် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ကို ထိပ်ဆုံးတွင် နေရာပေးကြသည်။
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၏ ဧပြီလ ၁၂ ရက်နေ့က ရေးသားခဲ့သော “လူမှန်နေရာမှန်” ဆောင်းပါးတွင် “ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး စတဲ့ ဝန်ကြီးတွေဟာ သူတို့ရဲ့ စီမံကိုင်တွယ်မှုတွေမှာ အရည်အချင်းရောရှိရဲ့လား၊ အလုပ်ရော တကယ်လုပ်နိုင်ရဲ့လား၊ ဘယ်လောက် ကောင်းအောင် လုပ်နိုင်သလဲဆိုတာ မေးခွန်းထုတ်သင့်ပါတယ်” ဟု တိုက်တွန်းရေးသားခဲ့သည်။
“သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး တနှစ်ကျော်တဲ့အထိ အလုပ်မဖြစ်ဘူး၊ အရင် စစ်အစိုးရတုန်းကလိုပဲ အမူအကျင့် မပြောင်းဘူး၊ နေရာမှန်မှာ ရှိနေတာ မဟုတ်ဘူးဆိုရင်တော့ သမ္မတ ဦးသိန်းစိန် အစိုးရက သင့်တော်တဲ့လူတွေ၊ အရည်အချင်း ရှိသူတွေနဲ့ ရဲရဲဝံ့ဝံ့ အစားထိုးပါလို့ တိုက်တွန်းပါရစေ” ဟုလည်း ရေးသားထားသည်။
ဆက်စပ်ဖတ်ရှုရန်