ရှမ်းအမျိုးသား တဦးဖြစ်သည့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အစိုးရအဖွဲ့တွင် လူမှုရေးလုပ်ငန်းများသာ လုပ်ကိုင်နေရသည့် ရုပ်သေးသမ္မတ တဦးဖြစ်ကြောင်း ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဝေဖန်လိုက်သည်။
“(ဒေါက်တာ) စိုင်းမောက်ခမ်းရဲ့ အဆင့်ကဘာလဲ၊ သာရေးနာရေး သမ္မတပဲ။ ဘာလုပ်ရလို့လဲ၊ မီးလောင်ရင်သွားရတယ်” ဟု ပြီးခဲ့သည့် မတ်လ နှောင်းပိုင်းအတွင်း ရန်ကုန်မြို့၌ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေ့ဆုံမေးမြန်းစဉ် ဦးခွန်ထွန်းဦးက ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက် ဒု သမ္မတရာထူးကို ရှမ်းအမျိုးသားတဦးအား ပေးအပ်ထားခြင်း၊ ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ လွှတ်တော်သို့ တက်ရောက်ခွင့် ရရှိခြင်းတို့ကိုကြည့်၍ တိုင်းရင်းသားအခွင့်အရေး အပြည့်အ၀ ပေးထားသည်ဟု ပြောဆို၍ မရကြောင်းလည်း ဦးခွန်ထွန်းဦးက ဆက်လက်ပြောသည်။
ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ကျားဖြူပါတီ ဒု ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီတို့သည် ဦးခွန်ထွန်းဦးနှင့်အတူ ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖွဲ့စည်းစဉ်က ပါဝင်ခဲ့ကြသူများဖြစ်သည်။
ထိုသို့ ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခဲ့သည့်အတွက် ဦးခွန်ထွန်းဦသည် တခြားသော ရှမ်းခေါင်းဆောင် ၈ ဦးနှင့်အတူ အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှု၊ နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံခဲ့ရသည်။ ယခုနှစ် ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။
SNLD ပါတီသည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် မတ်လအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။
“တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ရဖို့အတွက်က ပါလီမန်ထဲဝင်ပြောရမယ်” ဟု ဦးခွန် ထွန်းဦးက ဆိုသည်။
ဆက်စပ်သတင်း
- ငြိမ်းချမ်းရေးအောင်မြင်မှု အစိုးရအဖွဲ့ပေါ် မူတည်ဟု ဦးခွန်ထွန်းဦး ပြော
- တိုင်းရင်းသား ဒုသမ္မတ ရုပ်သေးရုပ်လား
ရုပ်သံဖိုင် ကြည့်ရှုရန်