စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ်၏ စင်ကာပူနိုင်ငံ၌ တရားဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှုကို စင်ကာပူ ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) က ခွင့်မပြုကြောင်း သတင်းရရှိသည်။
စင်ကာပူအစိုးရအနေဖြင့် AGD ဘဏ်၏ တရားဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားမှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပယ်ချခဲ့ခြင်းမှာ အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းမရှိသေး၍ ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။
AGD ဘဏ်မှ ဒါရိုက်တာ ဦးရဲမင်းဦးကမူ အဆိုပါ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နိုင်ရန် မြန်မာအစိုးရ၏ ခွင့်ပြုချက်ရယူပြီး ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် သက်ဆိုင်ရာ စင်ကာပူ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းနှင့်အညီ လျှောက်ထားခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “MAS ညွှန်ချုပ်က ဘာအကြောင်းပြချက်မှ မပေးဘဲ မတင်ပါနဲ့လို့ပဲ ပြောတယ်။ လျှောက်လွှာတောင် လက်ခံပြီး ယူမထားဘူး” ဟု ဆိုသည်။
AGD ဘဏ်အနေဖြင့် စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ မိသားစုထံသို့ ငွေလွှဲရာတွင် လုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့်ရရှိရန် ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောသည်။
စင်ကာပူနိုင်ငံတွင် တရားဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံမှ AGD ဘဏ်နှင့် CB (သမဝါယမ) ဘဏ်တို့က ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိအခြေအနေတွင် စင်ကာပူနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်နေသည့် ဘင်္ဂလားဒေရှ်၊ နီပေါ၊ ဖိလစ်ပိုင်စသည့် နိုင်ငံသားများအတွက်မူ တရားဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ကို စင်ကာပူ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့က ခွင့်ပြုထားသည်။
စင်ကာပူနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် မမိုးမိုးက “ဘဏ်တွေဖွင့်ပြီး တရားဝင်လွှဲရရင်တော့ ပိုအဆင်ပြေတာပေါ့၊ အခုတော့ ကြုံသလို ဆိုင်တွေမှာ တရားမဝင် လွှဲရတာပေါ့။ လိမ်ရင်လည်း ခံရတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စင်ကာပူရှိ တရားမဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် ရွှေရတနာ Trading မှ အမျိုးသမီးတဦး စင်ကာပူဒေါ်လာ သန်းနှင့်ချီ၍ လွှဲငွေများ လိမ်လည်မှု ဖြစ်ပွားခဲ့သေးသည်။
ပြည်ပနိုင်ငံများ၌ နိုင်ငံခြားငွေ လွှဲပြောင်းရေးလုပ်ကိုင်ရန် AGD ဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် (KBZ)၊ CB ဘဏ်တို့ကို မြန်မာအစိုးရသည် ယခုနှစ် ဇန်နဝါရီလအတွင်းက လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ AGD ဘဏ်သည် မလေးရှားနိုင်ငံ၌ May ဘဏ်၊ CIMB ဘဏ်တို့နှင့် ပူးပေါင်းကာ ငွေလွှဲလုပ်ငန်းကို တရားဝင်လုပ် ဆောင်နေပြီဖြစ်သည်။
KBZ ဘဏ်က ထိုင်းနိုင်ငံ၊ CB ဘဏ်က May ဘဏ်နှင့် ပူးတွဲ၍ မလေးရှားနိုင်ငံတို့တွင် ငွေလွှဲလုပ်ငန်းကို စတင်လုပ်ဆောင်မည်ဟု သိရသည်။