မြန်မာနိုင်ငံတွင် စံချိန်တင် အပူရှိန်များမြင့်တက်နေမှုများဖြစ်ကာ သက်ကြီးရွယ်အိုများနှင့် အရက်သေစာ သုံးစွဲသူများ အပူဒဏ်ကြောင့် သေဆုံးမှုများရှိနေကြောင်းစုံစမ်းသိရှိရသည်။
အပူဒဏ်ခံနေရသော မကွေးတိုင်း၊ ရေနံချောင်းမြို့ပေါ်တွင် ယခုလအတွင်း သေဆုံးသူ ၃၀ ကျော်ရှိကြောင်း သေဆုံး ရုပ်အလောင်း များကို အခမဲ့ မီးသင်္ဂြိုဟ်ပေးနေသော မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း က ဧရာဝတီကို ပြောသည်။
မကွေးမြို့တွင် ယခုလ ၁၆ ရက်နေ့က အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် ရှိကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထားသည်။
“သေတဲ့လူအများစုက မူးမူးပြီး လဲသေသွားတာ။ သက်ကြီးရွယ်အိုတွေနဲ့ အရက် သမားတွေ များတယ်။ ဒါတောင် ကျနော်တို့ ဒီ နာရေးကူညီမှုအသင်းက သိတဲ့ မြို့ပေါ်က စာရင်းပဲရှိသေးတယ်။ သူတို့အစီအစဉ်နဲ့ သင်္ဂြိုဟ်တဲ့လူတွေ၊ နယ်တွေ အခြေအနေ တွေတော့ မသိဘူး”ဟု မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးချစ်ညီညီ က ဧရာဝတီကိုပြောသည်။
နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့ နှင့်အတူ ညောင်ဦးမြို့တွင်လည်း ၄၃ ဒီဂရီစင်တီဂရိတ်၊ မင်းဘူးမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်ထိ အပူရှိန်မြင့်တက်ခဲ့ကြောင်းနှင့် ချောက်မြို့ တွင် ဧပြီလထဲ၌ ၂၈ နှစ် အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၆ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဖေါ်ပြထားသည်။
ချောက်မြို့နှင့် မင်းဘူးမြို့တို့တွင် သက်ကြီးရွယ်အိုများ သေဆုံးမှုရှိသော်လည်း ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ များပြားမှုမရှိကြောင်း၊ သို့သော်လည်း အပူဒဏ်ကြောင့် နေလယ်ပိုင်းများတွင် အိမ်တွင်း၌သာ နေထိုင်ကြရကြောင်း မြို့ပေါ်ရှိ နာရေးကူညီမှုအသင်းများနှင့် မြို့ခံများက ပြောသည်။
“ကျုပ်တို့ဘက်က အပူပိုင်း ကုန်းပိုင်းဒေသဆိုတော့ဗျာ။ တော်ရုံပူတာတောင် တအားပူတာဗျ။ နေ့ခင်းပိုင်းတွေဆိုရင် မီးလောင် နေ တဲ့ နေရာကိုဖြတ်သွားနေရသလိုပဲ နေကအတော့ကိုပြင်းတာ။ မခံနိုင်ဘူး။ ဟိုနားဒီနားတောင် မသွားနိုင်ဘူးလေ။ အလုပ်တွေ တော့ ပျက်တာပေါ့ဗျာ။ နေ့လယ် နေ့ခင်းဆိုရင် မြို့ပေါ်လမ်းတွေမှာလူသွားလူလာ မရှိသလောက်ဘဲ”ဟု ချောက်မြို့ခံ ဦးဝင်းနိုင် က ဧရာဝတီကို ပြောသည်။
၂ဝ၁ဝ ပြည့်နှစ် မေလပိုင်းတွင် စံချိန်တင်အပူရှိန်မြင့်မှုကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ခဲ့ရပြီး သုသာန်များတွင်လည်း အပူရှိန်ကြောင့် သေဆုံးသူအများအပြားကို သင်္ဂြိုဟ် ပေးခဲ့ရသည်များပင် ရှိခဲ့သည်။
ယခုနှစ် အပူဒဏ်ကြောင့် သေဆုံးသူ မန္တလေးမြို့တွင် ယနေ့အထိ ကြားသိရခြင်း မရှိသေးသော်လည်း ရန်ကုန်မြို့တွင် သင်္ကြန် ရက်နှောင်းပိုင်းမှ စတင်ကာ ယနေအ့ထိ အပူဒဏ်ကြောင့် သေဆုံးသူ သက်ကြီး ရွယ်အိုပိုင်းများ၏ ရုပ်အလောင်း ၁၀ ခုခန့် သင်္ဂြိုဟ် ပေးနေရကြောင်း ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်းက ပြောပြသည်။
အပူဒဏ်မြင့်တက်မှုနှင့် ကြုံတွေ့နေရသည့် မင်းဘူးမြို့တွင် တချိန်တည်းမှာပင် သောက်သုံးရေးရှားပါးမှုဖြင့် ရင်ဆိုင်နေရသဖြင့် မြို့ပေါ်နေထိုင်သူအများစုမှာ ဂါလန် ၅၀ ဆံ့ရေစည်တစည်ကို ကျပ် ၅၀၀ မှ ၁၅၀၀ အထိ ပေးဝယ်သုံးစွဲနေရကြောင်း ဒေသခံခံ ဦးကျော်စိုးလွင် က ပြောသည်။
“ကျနော်တို့ဘက်ကကြတော့ ရေတွင်းတူးလို့မရဘူးလေ။ မန်းရေနံက ထွက်တဲ့ရေတွေကိုပဲ စည်နဲ့ဝယ်သုံးနေရတာပေါ့။ နေကပြင်း လာတော့ ရေက ပိုရှားလာတယ်။ ဒီတော့ ဈေးတွေပိုပေးရတာပေါ့။ ရေစည်ပို့တဲ့လူက အိမ်ဝေးရင်ဝေးသလို တောင်းတယ်”ဟု သူက ဧရာဝတီကို ပြောသည်။
မြန်မာပြည် အထက်အညာနှင့် မြေလတ်ပိုင်းများတွင် နွေရာသီကာလရောက်ရှိလာသည်နှင့်အမျှ ရေတွင်း၊ ရေကန်များ ခမ်းခြောက်ပြီး သောက်သုံးရေးလိုအပ်မှုဖြင့် သောက်ရေတွင်းများ တူးလှူပေးရန် ရန်ကုန်နာရေးကူညီမှုအသင်းထံသို့ မကွေး၊ ရေနံချောင်း၊ နေပြည်တော်နှင့် နတ်မောက်မြို့နယ်များက တောင်းဆိုလာမှုများရှိကြောင်း အသင်းတာဝန်ရှိသူ ဒေါ်မြင့်မြင့်ခင်ဖေ က ပြောပြသည်။
ယခုကဲ့သို့ အပူရှိန်မြင့်တက်မှုများဖြစ်ပေါ်နေခြင်းသည် နွေရာသီကာလ အရ ပုံမှန်ဖြစ်နေသော်လည်း မိုးတိမ်တောင်များ ဖြစ်ပေါ်မှုအားနည်းခြင်း၊ မိုးရွာမှုမရှိခြင်းတို့ကြောင့် အပူရှိန်ပိုမိုပြင်းထန်ပြီး မကြာမီရက်ပိုင်းအတွင် မိုးရွာလာနိုင်ကြောင်း၊ အကယ်၍ မိုးရွာခြင်း မရှိပါက အပူရှိန် ပိုမိုပြင်းထန်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင် က ခန့်မှန်းပြောဆိုသည်။
“ဒီတနင်္ဂနွေ တနင်္လာလောက်မှာ မိုးရွာလာနိုင်မယ်လို့ခန့်မှန်းရတယ်။ တကယ်လို့သာ မှန်းဆတဲ့အတိုင်းဖြစ်မလာခဲ့ဘူး ဆိုရင်တော့ နေအပူရှိန်က တော်တော်လေးကို သတိထားရပါလိမ့်မယ်။ လောလောဆယ်တောင် တော်တော်မြင့်နေပြီ”ဟု ဦးထွန်းလွင် က ပြော သည်။
မြန်မာနိုင်ငံတွင် လတ်တလော အပူရှိန်မြင့်တက်နေသဖြင့် နေ့လယ်ပိုင်း နေပူချိန်အပြင်ထွက်သူများကို ခန္ဓာကိုယ်အား နေရောင်ခြည် အကာအကွယ်ပေးနိုင်သော အင်းကျႌလက်ရှည်၊ ထီး၊ နေကာမျက်မှန်တို့ကို အသုံးပြုရန်၊ နေပူထဲတွင် အချိန်ကြာမြင့်စွာ နေ ထိုင် ခြင်းများမပြုရန် ဦးထွန်းလွင်က သတိပေးပြောဆိုသည်။
ဧပြီ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် လာမည့် ၁၀ ရက်အတွင်း ပျမ်းမျှအပူချိန် ထက် ပိုဦးမည်ဖြစ်ကြောင်း နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးစာ ထည့်သွင်းထုတ်ပြန်ထားသည်။