ရန်ကုန်မြို့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးနေသော ကျပ် နှစ်သိန်းတန် GSM ဖုန်းများမှာ လူကြိုက်များနေပြီး နှစ်သိန်းတန် ဖုန်းတလုံးလျှင် နှစ်သိန်းသုံးသောင်းမှ နှစ်သိန်းခွဲအထိ ဈေးပေါက်နေကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မတ်လနှောင်းပိုင်းမှ စတင်ပြီး နှစ်သိန်းတန်ဖုန်းများ ချထားပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ ဧပြီလ ၉ ရက်နေ့မှစ၍ ရောင်းချခဲ့ကြောင်း၊ ဖုန်းများရောင်းချရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော E-Lite Tech, Asia Mega Link နှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီများက ဖုန်းဟန်းဆက်အရောင်းဆိုင်များသို့ တိုက်ရိုက်ရောင်းချကြောင်းသိရသည်။
စတင်ရောင်းချစဉ်က လူများကြိတ်ကြိတ်တိုး ဝယ်ယူကြသည့် အတွက် နှစ်သိန်းတန် ဖုန်းတလုံးလျှင် နှစ်သိန်းခွဲကျော် အထိ ဈေးများမြင့်တက် သွားခဲ့ကြောင်း ရန်ကုန် ဖုန်းဟန်းဆက် အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။
“အဓိက ဖုန်းဟန်းဆက် အရောင်းဆိုင်တွေက ကုမ္ပဏီတွေဆီကနေ တိုက်ရိုက်ယူပြီး အများပြည်သူကို ပြန်ရောင်းကြတာ။ အခု နှစ်သိန်းတန် GSM ဖုန်းတလုံးကို ဖုန်းအရောင်းဆိုင်တွေမှာ သုံးသောင်းကနေ ငါးသောင်းအထိ အမြတ်တင်ပြီး ပြန်ရောင်းကြတယ်။ တကယ်တမ်းက ကုမ္ပဏီတွေကိုယ်တိုင်ကလည်း နှစ်သိန်းတန်ဖုန်းကို နှစ်သိန်းနဲ့မရောင်းဘဲ အမြတ်တင် ရောင်းကြတာတွေလည်း ရှိတယ်။ ဥပမာ Asia Mega Link ဆိုရင် နှစ်သိန်းတန်ဖုန်းကို နှစ်သိန်းငါးထောင်နဲ့ ဖုန်းဟန်းဆက် အရောင်းဆိုင်တွေကို ဖြန့်တယ်။ အဲဒီတော့ ဈေးတွေမြင့်ကုန်ရော” ဟု တာမွေမြို့နယ်မှ Mr. King မိုဘိုင်းဖုန်း ဟန်းဆက်အရောင်းဆိုင် တာဝန်ခံက ပြောသည်။
ယခုအခါ အဝယ် ပြန်အေးလာကြောင်း ရန်ကုန် ဖုန်းဟန်းဆက် အရောင်းဆိုင်များက ဆိုသည်။
“ပထမ စချတုန်းက လူတွေက တဝုန်းဝုန်းနဲ့။ တနေ့ကို ဖုန်းကတ် လေးငါးဆယ်လောက် ရောင်းရတယ်။ နောက်ပိုင်းကျတော့ ဝယ်တဲ့သူတော့ ရှိနေဆဲပဲ။ ဒါပေမယ့် တနေ့ကို ဖုန်းကတ် ဆယ်ကတ်လောက်ပဲ ရောင်းရတော့မယ်။ အဓိကက ဈေးမြင့်တာရယ်၊ လူတွေက သိပ်မတတ်နိုင်ကြတာနဲ့ ငါးထောင်တန်ဖုန်းလာမှ ကိုင်မယ်ဆိုတဲ့ အသိက လူတွေမှာ ရှိနေတာတွေရယ်ကြောင့်ပါ။ တဖြည်းဖြည်းချင်း အချိန်ကြာလာတာနဲ့အမျှတော့ ဝယ်အားကျလာဖို့များတယ်” ဟု ယုဇနပလာဇာမှ Touch ဖုန်းဟန်းဆက် အရောင်းဆိုင်မှ အရောင်းတာဝန်ခံက ဆိုသည်။
Mr. Fone ဖုန်းဟန်းဆက် အရောင်းဆိုင်မှ တာဝန်ရှိသူတဦးက နှစ်သိန်းတန် ဖုန်းကတ်များကို လက်ငင်းစနစ်နှင့်ရော အရစ်ကျအကြွေးနစ်နှင့်ပါ ရောင်းချမှု တွင်ကျယ်နေကြောင်း၊ အကြွေးစနစ်ကို ဝင်ငွေနည်း လူတန်းစားအများစုက စိတ်ဝင်စားကြကြောင်း ပြောသည်။
“အရစ်ကျက တလကို ခြောက်သောင်း၊ ၅ လလောက် သွင်းရတယ်။ စုစုပေါင်း သုံးသိန်းလောက် သွားကျတာပေါ့။ ဒါပေမယ့် တကြိမ်တည်း ငွေတလုံးတခဲတည်း မတတ်နိုင်တဲ့သူတွေအတွက် အဆင်ပြေတယ်” ဟု ပါရမီလမ်းဆုံအနီးရှိ Touch ဟန်းဆက်အရောင်းဆိုင်မှ ဝန်ထမ်းတဦးက ဆိုသည်။
နှစ်သိန်းတန်ဖုန်းများ ချထားပေးချိန်မှစတင်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံလုပ် ဖုန်းဟန်းဆက်များ အလုံးအရင်းဖြင့် ဝယ်ရောက်လာပြီး ဈေးနှုန်းသက်သာသည့် တရုတ်ဟန်းဆက်များ ဝယ်အားမြင့်တက်နေကြောင်း သိရှိရသည်။
“တရုတ်ဟန်းဆက်တွေက အနိမ့်ဆုံး နှစ်သောင်းလောက်ရှိတယ်။ ဈေးချိုတော့ ဝယ်ကိုင်ကြတယ်။ အဝယ်အများဆုံးက တရုတ်ဟန်းဆက်တွေပဲ။ ဈေးချိုတာကို လူတွေရွေးဝယ်ကြတယ်” ဟု ယုဇနပလာဇာမှ ဖုန်းဟန်းဆက် အရောင်းဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၅ နှစ်အတွင်း GSM မိုဘိုင်းဖုန်း အလုံး သန်း ၃၀ ချထားပေးရန် စီမံကိန်းတရပ် လုပ်ဆောင်နေပြီး ပထမစီမံကိန်းကာလအဖြစ် နိုင်ငံတဝန်း GSM ဖုန်း လေးသန်းစတင် ချထားပေးခြင်းဖြစ်သည်။
ဆက်စပ်သတင်း
ဖုန်းဈေးတွေ ဖြည်းဖြည်းချင်းတော့ ကျသွားမှာပါ