ပြည်သူ့ လွှတ်တော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်တွင် တက်ရောက်နေသည့် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦးအစား ဗိုလ်မှူးချုပ် အဆင့်ရှိသူများအပါအဝင် တခြားအဆင့်မြင့် တပ်မတော်အရာရှိများနှင့် ပြောင်းလဲခန့်အပ်လိုက်သည်။
ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၂၀ တို့ကို အစားထိုးပြောင်းလဲလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားခြင်းဖြစ်သည်။
တပ်မတော်သားကိုယ်စားလှယ်များ ပြောင်းလဲခန့်ထားရာတွင် ယခင်တက်ရောက်နေသည့် ဗိုလ်မှူးအဆင့် အရာရှိငယ်များအစား ဗိုလ်မှူးချုပ်အဆင့် အရာရှိ ၈ ဦး အပါအဝင် ဗိုလ်မှူးကြီးများ၊ ဒုတိယ ဗိုလ်မှူးကြီးများဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။
လေ့လာသူများကမူ ယခုကဲ့သို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်(NDC) ကျောင်းဆင်းတချို့ပါဝင်သည့် အဆင့်မြင့်တပ်မတော် အရာရှိကြီးများကို လွှတ်တော်အတွင်းသို့ ဝင်ရောက်စေခြင်းသည် မကြာသေးမီက ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား လွှတ်တော်အတွင်း အင်အားချိန်ခွင်ညှာကို ထိန်းညှိရန်ဖြစ်ကြောင်း သုံးသပ်သည်။
အစားထိုးခန့်အပ်ခံရသည့် အဆင့်မြင့်အရာရှိကြီး အများစုမှာ အလုပ်သင် ဗိုလ်သင်တန်းကျောင်း Officer Training Course(OTC)ဆင်းများနှင့် စစ်တက္က သိုလ် အပတ်စဉ်(၂၃)နှင့်(၂၈) ဆင်း တချို့ပါရှိကြောင်း၊ ရာထူးအားဖြင့် ဆက်လက်၍ မတက်နိုင်တော့သည့် တပ်မတော် လေ့ကျင့် ရေး ကျောင်းအုပ်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူးများနှင့် တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး(စရဖ)မှ အရာရှိကြီးတချို့ ပါဝင်ကြောင်း စစ်ဖက်အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။
“လွှတ်တော်ထဲက ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေက ငယ်ကလည်းငယ် နိုင်ငံရေးသဘောလည်း နားမလည်ကြဘူး၊ အခုအချိန်က အရေးကြီးပြီဆိုတော့ တပ်ထဲမှာရာထူးရှိပြီး ဆက်လက်လည်းမတိုး၊ တာဝန်လည်း သိပ်မရှိတဲ့ စီနီယာအများစုကို လွှတ်တော်ကိုပို့ လိုက်တာပါ”ဟု စစ်ဖက်အသိုင်း အဝန်းနှင့် နီးစပ်သူ တဦးကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ပါဝင်သည်။
ယင်း တပ်မတော်သား ကိုယ်စားလှယ် အားလုံးကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ကြောင်း သိရသည်။
လွှတ်တော်နှစ်ရပ် အတွင်း ကျန်ရှိနေသည့် အရာရှိငယ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း အဆင့်မြင့် တပ် မတော် အရာရှိကြီးများနှင့် အစားထိုးရန် စီစဉ်နေကြောင်း အဆိုပါ နီးစပ်သူက ဆက်လက်ပြောသည်။
ယခုအခါ တပ်မတော်အတွင်းရှိ အရာရှိကြီးငယ်အများစုမှာ လွှတ်တော်အတွင်းသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ရမည်ကို စိုးရိမ်နေကြောင်းလည်း စုံစမ်း သိရသည်။