အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ပြန်လည် စတင်သော ပြည်သူ့လွှတ်တော် အစည်း အဝေးများ တက်ရောက်နိုင်ရန် ကျမ်းကျိန်လွှာဝေါဟာရ ပြင်ဆင်ရေးအဆိုကို ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ် တချို့က လွှတ်တော်၌ တင်သွင်းမည်ဟု သတင်းရရှိသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က NLD ကိုယ် စားလှယ်များ လွှတ်တော်တက်နိုင်ရေးအတွက် လွှတ်တော်တွင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)က စကားရပ်ပြင်ဆင်ရန် အဆိုတင်သင့်ကြောင်း၊ အကယ်၍မတင်ခဲ့ပါက သူ့အနေဖြင့် ဦးဆောင်တင်သွင်းရန်ရှိကြောင်း ဧရာဝတီကို ပြောသည်။
“ပြည်ခိုင်ဖြိုး ဦးမဆောင်ရင် ကျနော်တို့က ဦးဆောင်ရမယ်။ အမှန်က သူတို့က ဦးဆောင်ရမယ်။ ဒီနေရာမှာ သူတို့က သဘောထားကြီးမှုကို ပြရမယ်။ ကျနော်တို့ တွဲပါရမယ်”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
အဆိုပါ ပြင်ဆင်ရေးကိစ္စ ကြံ့ခိုင်ရေးပါတီမှ ကန့်ကွက်လျှင် သမိုင်း မလှနိုင်ကြောင်း၊ ယခုကိစ္စသည် ကြံ့ခိုင်ရေး ပါတီ အပေါ် မူတည်နေကြောင်း သူက ဆက်ပြောသည်။
လွှတ်တော်တက်ရောက်နေသည့် အလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း NLD ကိုယ်စား လှယ်များ လွှတ်တော်တက်နိုင်ရေးအတွက် လွှတ်တော်ပြင်ပ အစည်းအဝေးများ ပြုလုပ်ရန်ရှိကြောင်း ပြောသည်။
နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးနေသော ရှေ့နေကြီး ဦးအောင်သိန်းက ယခုကိစ္စသည် အခြေခံဥပဒေ ပြင်ဆင်ခြင်း မဟုတ်ဘဲ ပုဒ်မတခု၏ စကားရပ် အသုံးအနှုန်းကို ပြင်ဆင်ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတက သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးကသော်လည်းကောင်း၊ လွှတ်တော်များကသော်လည်းကောင်း အဆိုပြု တင်ပြချက်များအပေါ် ပြန် လည် သုံးသပ်ပြီး ပြင်ဆင်နိုင်ကြောင်း ထောက်ပြသည်။
“အခုဟာက ပြဌာန်းထားတဲ့ ဥပဒေတခုရဲ့ ဝေါဟာရ စကားလုံး အသုံးအနှုန်း ပြင်ဖို့ကိစ္စ။ ဥပဒေပြင်တဲ့ ကိစ္စရပ် မဟုတ်ဘူး။ ဒီကိစ္စကို လွှတ်တော်မှာ ချပြပြီးတော့ လွှတ်တော်ကနေ သဘောတူတယ်ဆိုရင် ဝေါဟာရ ပြင်တဲ့ကိစ္စက ဖြစ်သွားမှာပါ”ဟု သူက ပြောဆိုသည်။
သို့သော် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်က ဦးသိန်းညွန့်ကမှု လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုပြီးဖြစ်သော်လည်း ကျမ်းကျိန်ပြီးမှသာ လွှတ် တော်ကိုယ်စားလှယ် အဖြစ် တရားဝင်မည်ဖြစ်ကြောင်း ပြောဆိုပြီး ယခု ကိစ္စသည် စကားရပ်ပြဿနာ မဟုတ်ဟုလည်း ပြော သည်။
“အခုက ဇယား ၄ ရဲ့ ပြဿနာ။ စကားလုံးပြဿနာမဟုတ်ဘူး။ ဇယား ၄ က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ ကို ညွှန်း ထား တယ်။ အဲဒါကို ပြင်နိုင်ဖို့ လွှတ်တော်ကို ဝင်ရမယ်။ လွှတ်တော်မှာ ၂၀ ရာခိုင်နှုန်း သဘောတူမှ ပြင်နိုင်မယ်။ အခု ပြင် မယ်ပြောတဲ့ လူတွေက၊ အဆိုတင်မယ့် သူက အဲ့ဒီလောက် ရာခိုင်နှုန်းရှိသလား”ဟု သူက ဆိုသည်။
အမျိုးသား လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း“နိုင်ငံရေးပါတီမှတ်ပုံတင်တာနဲ့ ပတ်သက်တော့ လုပ်ရတာ လွယ်တယ်။ ဖွဲ့စည်းပုံ ပြင်ဖို့ကျတော့ သူ့ပရိုဆီဂျာ(လုပ်ထုံးလုပ်နည်း) အတိုင်း သွားရမယ်။ အခုက ဘောင် မဝင်ဘူးဖြစ်နေတယ်”ဟု ဆိုသည်။
မနက်ဖြန်ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တချို့က NLD ကိုယ်စားလှယ် များ လွှတ်တော် တက်နိုင်ရေး ဝေါဟာရ ပြင်ပေးရန် အဆိုတင်သွင်းမည့် အစီအစဉ်ရှိကြောင်းလည်း ဦးဖုန်းမြင့်အောင်က ဆက် ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၀)ရှိ နိုင်ငံရေးပါတီများ အခန်း၊ ပုဒ်မ ၄၀၅၊ အပိုဒ် (ခ)တွင် “နိုင်ငံရေး ပါတီ တရပ်အနေနှင့် ဖွ့ဲစည်းပုံအခြေခံ ဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်”ဟု ဆိုထားသကဲ့သို့ ပုဒ်မ ၁၂၅ အပိုဒ်(က) ၌ “ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့ လွှတ်တော် သဘာပတိ ရှေ့မှောက် ၌ ဇယား ၄ တွင် ဖော်ပြသည့်အတိုင်း ကတိသစ္စာ ပြုရမည်”ဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၂၅ ကို ရည်ညွှန််းသည့် အခန်း(၁၅) အထွေထွေ ပြဌာန်းချက်များ ဇယား ၄ တွင် “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်”ဟု ဖော်ပြထားရာ ၎င်းစကားရပ် ပြင်ဆင်ပေးရန် NLD က သမ္မတရုံး၊ လွှတ်တော် ၂ ရပ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး များသို့ ဆက်လက် တင်ပြမည်ဟု ပြောဆိုသည်။
ကျမ်းကျိန်လွှာ စကားရပ် မပြင်ဆင်သေးဘဲ ညှိနှိုင်းဆောင်ရွက်နေရသဖြင့် လွှတ်တော်တက်ရေး မဖြစ်နိုင်သေးကြောင်း၊ NLD က တရားဝင်ပြောဆိုပြီး ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကို သပိတ်မှောက်ခြင်း မဟုတ်ကြောင်း၊ လွှတ်တော် တက်နိုင်ရေး အချိန်ကို စောင့်ဆိုင်းနေကြောင်း ယမန်နေ့က သတင်းထောက်များကို ပြောသည်။
“လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ လွှတ်တော်တက်ဖို့ အချိန်အခါ စောင့်ဆိုင်း နေတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆို သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက “အခြေခံ ဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စကားရပ်သည် ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၌ လည်းကောင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ၌လည်းကောင်း ပြင်ဆင်ပြီးသားဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိမ်လွှာတွင်သာ ပြင်ဆင်ခြင်း မပြုရသေးကြောင်း၊ အခြေခံ ဥပဒေ၊ မှတ်ပုံတင် ခြင်း ဥပဒေ၊ ကျမ်း ကျိန် လွှာ စကားရပ်တို့သည် တခုနှင့်တခု လိုက်လျောညီထွေ ဖြစ်သင့်ကြောင်း ထောက်ပြသည်။
နိုင်ငံရေးသမား တဦးဖြစ်သည့် ဒေါက်တာစောနိုင်ကမူ NLD လွှတ်တော်တက်နိုင်ရေး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအဝင် တာဝန်ရှိသူများက စီစဉ်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
“NLD ပါစေချင်လို့ တလျှောက်လုံး ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြတာ။ အခုလည်း ညှိနှိုင်းပြီး လုပ်ဆောင်ပေးကြမှာပါ။ အားလုံး အဆင်ပြေသွားမယ်လို့ပဲ မျှော်လင့်ပါတယ်”ဟု ဒေါက်တာ စောနိုင်က ဆိုသည်။
ဂျပန်နိုင်ငံသို့ အလည် အပတ်ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ် ကျမ်းသစ္စာ ကျိန်ဆိုမှုနှင့် ပတ်သက်၍ ပြည်သူ လူထု အကျိုးရှိမည်ဆိုပါက ဖြစ်နိုင်ခြေရှိကြောင်း သတင်းထောက်များကို စကားပြန်မှတဆင့် ယနေ့ပြော ကြောင်း AP သတင်းတပုဒ်က ဆိုသည်။
သို့သော် လွှတ်တော်တွင်း ကျမ်းကျိန်လွှာ ဝေါဟာရ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အာဏာရ ကြံ့ခိုင်ရေးပါတီကမူ ဝေါ ဟာရ ပြင်ဆင်ရေး လုပ်ဆောင်ရန် မလိုဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီကို ပြောသည်။
“ရွေးချယ်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ တက်ရောက်တာနဲ့ ပတ်သက်လို့ ဒီစကားလုံးက သိပ်ပြီး ထူးခြားတာ၊ ထိရောက်တာလဲ မရှိပါဘူး။ ဒါရေးထားတဲ့ အတွက် မပြောရဘူး၊ မဆိုရဘူးလို့ ပိတ်ပင်ထားတာလဲ မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါကြောင့် ဒီဥစ္စာနဲ့ ပတ်သက်လို့တော့ ဘာမှလဲ သိပ်ထူးထူးခြားခြားမရှိတဲ့အတွက် ဘာမှ လုပ်စရာ မလို ဘူး လို့ ထင်ပါတယ်”ဟု ဦးဌေးဦးက ပြောဆိုသည်။