ယခုသီတင်းပတ်ကုန်တွင် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံသည် အပြောင်းအလဲ၏ အစကနဦးတွင်သာ ရှိနေသေးပြီးကူညီကြရန် လိုအပ်ကြောင်း ယမန်နေ့တွင် ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံဟာ အပြောင်းအလဲရဲ့ အစမှာပဲ ရှိပါသေးတယ်။ ရှေ့မှာ စိန်ခေါ်မှုတွေ အများကြီး စောင့်နေတယ်။ လုပ်ဆောင်စရာကိစ္စတွေလည်း အများကြီး ရှိနေပါတယ်။ မြန်မာနိုင်ငံကို ပိုကောင်းမွန်တဲ့ အနာဂတ် ဖြစ်ပေါ်ရေး အကူအညီပေးဖို့ ကျနော်တို့ အနေနဲ့ မကြုံဖူးတဲ့ အခွင့်အရေး ရနေတယ်လို့ ယုံကြည်ပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ကြေညာသည်။
ယခု တကြိမ်သည် မစ္စတာ ဘန်ကီမွန်း၏ သုံးကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် ဖြစ်သည်။
“ဒါ့ကြောင့် သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံကြောင်း ကျနော် ဒီနေ့ ကြေညာရတာ ဖြစ်ပါတယ်။ ယခုသီတင်းပတ်အကုန်မှာ ကျနော် စတင်ထွက်ခွာပါမယ်” ဟု မြန်မာ့မိတ်ဆွေများအဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မစ္စတာ ဘန်ကီမွန်းက ပြောသည်။
၎င်းက ဆက်လက်၍ အဖွဲ့ဝင် ၁၄ ဦးပါ မြန်မာ့မိတ်ဆွေများအဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများအတွက် အဆက်မပြတ် ထောက်ခံလုပ်ဆောင်လာခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးကြီးသော အပြောင်းအလဲကာလကို စောင့်ကြည့်နေခဲ့ပြီး ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ရမည့် အချိန်ဖြစ်ကြောင်း ပြောဆိုသည်။
“ပြီးခဲ့တဲ့ တနှစ်ခွဲအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာပါ။ မကြားသေးမီက ကြားဖြတ်ရွေးကောက်ပွဲဟာလည်း သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။ မြန်မာဟာ ကမ္ဘာနဲ့ ပြန်လည်ထိတွေ့လာတာ ကျနော်တို့ မြင်ရပါတယ်။ အသစ်ပြန်လည် စတင်မှုဟာ ထိလွယ်ခိုက်လွယ် ဖြစ်နေသေးတယ်ဆိုတာလည်း ကျနော်တို့ သိထားရမှာ ဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မြန်မာအစိုးရ ဆက်ဆံရေးနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို မစ္စတာ ဘန်ကီမွန်းက “သူတို့အနေနဲ့ သမိုင်းဝင် ကြားဖြတ်ရွေးကောက်ပွဲကို မကြာခင်ကပဲ ဖြတ်ကျော်ခဲ့တာဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို ထင်ဟပ်တာပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့တာကို ကျနော် သတိပြုမိပါတယ်၊ သူတို့အနေနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှုအတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေပြေနဲ့ အဖြေရှာသွားနိုင်ကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ဖြေကြားသွားသည်။
ထို့ပြင် မကြားသေးမီက ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ခဲ့မှုအပေါ် ကျေနပ်မိကြောင်း၊ ကချင်နှင့်လည်း ထို့အတူ ဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း၊ အပြည့်အဝ ဒီမိုကရေစီ ကူးပြောင်းရေး နှင့် ချောမွေ့သော အပြောင်းအလဲဖြစ်ရန် တိုင်းရင်းသားအဖွဲ့များအားလုံးနှင့် သင့်မြတ်ရေး အရေးကြီးပြီး မြန်မာအာဏာပိုင်များအနေဖြင့် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောသည်။
မစ္စတာ ဘန်ကီမွန်းသည် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ တခြားဝန်ကြီးများအပြင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဦးဆောင်သူများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
NLD က တောင်းဆိုထားသည့် ကျမ်းကျိန်လွှာ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် NLD ပါတီခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တိုက်တွန်းထားသည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အတိုက်အခံပါတီတို့ အများသဘောတူ ဆွေးနွေးညှိနှိုင်းပြီး အတူပူးပေါင်းဆောင်ရွက်ကြတာ ကျမတို့ မြင်ချင်ပါတယ်။ ဒါကတော့ NLD က ဖြစ်ချင်တာနဲ့ ပတ်သက်လို့ ကျမတို့ နားလည်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ စောင့်ကြည့်ဖို့လိုပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ ဖြေရှင်းနိုင်ကြမယ်လို့ ထင်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နုလန်းက ပြောသည်။
NLD အနေဖြင့် လုပ်ဆောင်စရာများစွာ ရှိနေကြောင်း၊ NLD အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့် မရသည့်အချိန်၌ ပြောင်းလဲလိုက်သည့် နိုင်ငံတော်အမည်ကိစ္စမျိုးလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များ ပွင့်လာသည်အချိန်တွင် အစိတ်အပိုင်းတရပ်အနေဖြင့် NLD က ပါဝင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း နုလန်းက ဆက်လက်ပြောသည်။