မြန်မာပြည် တံခါးဖွင့်ပြီး စီးပွားရေးကောင်းလာလျှင် ဂေါက်သီးရိုက်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း မြန်မာ့ဂေါက်သီး ချန်ပီယံဟောင်း ဦးကြည်လှဟန်က ပြောဆိုလိုက်သည်။
၁၉၈၀ ဝန်းကျင်က ကမ္ဘာ့ဖလားနှင့် ဒေသတွင်းပြိုင်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ကစားခဲ့သူလည်းဖြစ်၊ ယခုအခါ အပြည်ပြည်ဆိုင်ရာ ပီဂျီအေ ဂေါက်ရိုက်ပြိုင်ပွဲများ အဖွဲ့ချုပ် (International Federation of PGA Tours) မှ အာရှတိုက်တွင် တဖွဲ့တည်း အသိအမှတ်ပြုခံထားရသော Asian Tour အာရှပြိုင်ပွဲများအဖွဲ့ အထူးဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူနေသူ ဦးကြည်လှဟန်က AFP သတင်းတပုဒ်တွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
“မြန်မာပြည်မှာ ဂေါက်ရိုက်တာ ပေါ်ပြူလာ ဘယ်လောက်ဖြစ်သလဲဆိုတာ လူတွေက မသိကြဘူး။ မြန်မာပြည်မှာ ဂေါက်ရိုက်တာ အဖွဲ့တွေ ဘာတွေ ဝင်စရာမလိုဘူး။ စကော့တလန်တို့၊ ဩစတြေးလျတို့လိုပဲ၊ ဂေါက်ကွင်းလာပြီး တန်းရိုက်ပေတော့ပဲ” ဟု ဦးကြည်လှဟန်က ပြောသည်။
ဦးကြည်လှဟန်က မြန်မာပြည်မှာ ဂေါက်ကွင်း ၈၀ ထက် မနည်းရှိကြောင်းနဲ့ မြန်မာတို့ ဂေါက်သီးရိုက်ခြင်းကို ဗြိတိသျှ ကိုလိုနီလက်ထက်မှ စတင်လာခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် ကစားလာခဲ့ကြောင်းလည်း ပြောဆိုသည်။ မြန်မာပြည် စီးပွားရေးပြန်ကောင်းလာပြီး လူလတ်တန်းစားများ ကြီးပွားလာပါက ဂေါက်ပြန်ရိုက်လိမ့်မည်ထင်ကြောင်း၊ ဂေါက်ရိုက်ရန် ဂေါက်ကွင်းများရှိပြီး လူတိုင်း အခပေးကာ ဝင်ရိုက်နိုင်ကြောင်းလည်း ပြောဆိုသည်။
ယခုအခါ ဂေါက်ရိုက်ကစားခြင်းကို စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားများကသာ အပျော်သဘော ရိုက်နိုင်ကြတော့သည်။ တချိန်ကမူ “မြအေး”၊ “ကြည်လှဟန်”၊ “ဇော်မိုး” စသည့် မြန်မာဂေါက်သမားများ နိုင်ငံတကာနှင့် ဒေသတွင်းရှိ ဂေါက်ပြိုင်ပွဲများတွင် ဝင်ရောက် လက်စွမ်းပြခဲ့ဖူးသည်။
ပြည်ပတွင် ဂေါက်သီးကစားခွင့် လိုချင်သောကြောင့် ၁၉၉၀ ခုတွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သူ မြန်မာ့ချန်ပီယံဟောင်း ဦးဇော်မိုးကလည်း မျိုးဆက်သစ်များအတွက် အလားအလာကောင်းများမြင်ကြောင်း ပြောဆိုသည်။
“အချိန်ယူရလိမ့်ဦးမယ်။ အခုလောလောဆယ်တော့ နိုင်ငံရေးအပြောင်းအလဲပဲ ရှိသေးတယ်။ နောက် တဖြည်းဖြည်းနဲ့ အနည်ထိုင်လာတဲ့အခါ ဂေါက်သမားတွေ ပေါ်လာလိမ့်မယ်။ အခုကတည်းကကို ရှေ့မှာ အရမ်းကောင်းဖို့ တွေ့မြင်နေရပြီပဲ” ဟု ဦးဇော်မိုးက AFP ကို ပြောဆိုသည်။
မြန်မာကုမ္ပဏီများ စပွန်ဆာပေးထားသော Asian Tour ၏ မြန်မာအိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃ သိန်းကို အနောက်နိုင်ငံ ပိတ်ဆို့မှုများ ရုတ်သိမ်းသွားပါက ဝင်လာမည့် နိုင်ငံတကာကုမ္ပဏီများက ပါဝင်လာလျှင် ပိုတိုးပေးနိုင်ရန် မျှော်လင့်ကြောင်း ဦးကြည်လှဟန်ကလည်း ပြောဆိုသည်။