ပဲခူးတိုင်း ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့် လက်ရောက်ကျူးလွန်ပြီးနောက် အမှုမပေါ်ပေါက်စေရန် ထိန်းချုပ်ခြင်းကို ခံထားရသည်ဟု သတင်းထွက်နေသောအသက် ၁၅ နှစ် အရွယ်အိမ်ဖော် မအေးယုအောင် နေရပ်ရင်းသို့ ပြန်ရောက်ပြီဖြစ် ကြောင်း မိခင်ဒေါ်ကြူကြူက ပြောဆိုသည်။

ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်က ၎င်းတို့ထံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ ပျက်စီးသည်အထိ ကျူးလွန်ခဲ့ပြီး တလခန့် မိဘထံ ပြန်မပို့ဘဲ ထိန်းသိမ်းထားပြီးနောက် ဒဏ်ရာများပျောက်ကင်းမှ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူကပြောသည်။
“မနေ့ညနေပိုင်းက ဦးအောင်ဖုန်းဝင်းကိုယ်တိုင် သမီးကို ကားနဲ့လာပို့သွားတယ်။ ကလေးပြန်ရရှိကြောင်းလည်း လက်မှတ် ပြန်ထိုး ပေးလိုက်တယ်”ဟု ဒေါ်ကြူကြူက ဧရာဝတီသို့ ပြောသည်။
မအေးယုအောင် အိမ်သို့ ပြန်ရောက်လာသော်လည်း အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် တို့၏ နောက်ကွယ်မှ ထိန်းချုပ် ခြိမ်းခြောက်ထားခြင်းကို ခံထားရကြောင်းနှင့် စိတ်ကျမ်းမာရေးချို့ယွင်းမှုဖြစ်ပေါ်နေကြောင်း မိခင်ဖြစ် သူ ဒေါ်ကြူကြူက စွပ်စွဲ ပြောဆိုသည်။
“ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သမီးက မပြောပြချင်ဘူး။ ညရောက်မှ ချော့မေးကြည့်တော့မှ ဒေါ်ဖြူဝင်းသက်က သူမီးပူနဲ့ ကပ်တဲ့ ကိစ္စကို သူတို့မိသားစု တခုလုံး ဒုက္ခရောက်သွားမှာဖြစ်တဲ့အတွက် မပြောပါနဲ့ ဆိုပြီး သမီးဆီက ကတိတောင်းတယ် ပြောတယ်။ နောက် ဘုရားမှာ သစ္စာရေသောက်ပြီး ကျိန်ခိုင်းတယ်တဲ့။ ဒီဘဝတင် မကဘူး နောက်ဘဝထိပါ မပြောပါဘူး။ ပြောရင် ကျမတို့ မိသားစုလည်း ဒုက္ခရောက်ရပါစေဆိုပြီးတော့”ဟု ဒေါ်ကြူကြူက သမီးဖြစ်သူ ပြောပြချက်များကို ကိုးကား ပြောဆိုသည်။
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး၏ ပြောပြချက် (ရုပ်/သံ)။ ဤ Video အား Myanmar News Now မှ ကူးယူ၍ ပြန်လည် ဖော်ပြပါသည်။ |
မအေးယုအောင်သည် အိမ်တွင် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ၈ တန်းကျောင်းသူဘဝမှ ကျောင်းထွက်ကာ ပဲခူးမြို့ပေါ်ရှိ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက် တို့အိမ်တွင် အိမ်ဖော်အဖြစ် ၂၀၁၁ ဇူလိုင်လက စတင်လုပ်ကိုင်ခဲ့ပြီး ယခုနှစ် မတ်လ ၂၅ ရက် နေ့တွင် အိမ်ရှင် ဒေါ်ဖြူဝင်းသက်၏ မီးပူဖြင့် လက်ရောက်ကျူးလွန်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မီးပူနှင့် ကပ်ခံထားရသော ဒဏ်ရာများ ပျောက်ကင်းပြီဖြစ်သော်လည်း မအေးယုအောင်ကို လာမည့် ကြာသပတေးနေ့၌ ပဲခူးမြို့ပေါ်ရှိ ဆေးရုံတွင် သွားရောက် ဆေးစစ်ခံယူမည်ဖြစ်ကြောင်း ဒေါ်ကြူကြူက ပြောပြသည်။
“ကလေးက တအားကြောက်နေတယ်။ စိတ်တွေကလည်း မူမမှန်ဘူး။ အာတွေလျှာတွေလည်းလေးနေတယ်။ သူတို့ စိတ်အာရုံ ထိခိုက်စေတဲ့ဆေးတွေများ တိုက်ကျွေးထားလားလို့ သံသယဝင်နေတယ်။ ကျမကလေးက ဒီပုံစံမဟုတ်ဘူး။ ဒါကြောင့် သူ့ကို ချော့မော့ပြီး သန်ဘက်ခါ ကြရင် ပဲခူးဆေးရုံမှာ ဆေးသွားစစ်မလို့”ဟု သူကပြောသည်။
မအေးယုအောင်အား ကျန်းမာရေးစစ်ဆေး၍ သက်သာလာသည်အထိ စောင့်ဆိုင်းပြီး အမှုနှင့် သက်ဆိုင်သူများကို ပဲခူးမြို့ပေါ်ရှိ လမ်းပြကြယ်အဖွဲ့၏ အကူညီရယူကာ တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်းလည်း ဒေါ်ကြူကြူက ဆက်ပြောသည်။
လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကလည်း မအေးယုအောင် ကျန်းမာရေးကောင်သည်နှင့် မီးပူဖြင့် လက်ရောက် ကျူးလွန် ခဲ့သူ ဒေါ်ဖြူဝင်းသက်၊ အမှုဖျောက်ရန်ကြိုးစားအားထုတ်သူ ဦးအောင်ဖုန်းဝင်း၊ အမှုတိုင်တန်းမှုကို ရှောင်လွှဲကာ ထိန်ချန်မှုဖြင့် နယ်မြေခံ အမှတ် (၃) ရဲစခန်းမှူး ဦးသိန်းဦး တို့အား တရားစွဲဆိုသွားရန် ခိုင်လုံသော အထောက်အထားများ စုဆောင်း ထားကြောင်း ပြောဆိုသည်။
“ဒီအမှုက ကျိန်းသေထင်ရှားတာပေါ့၊ မြန်မာလူမျိုးတွေက မိဘတွေကို မေတ္တာတရားနဲ့လာတောင်းပန်ရင် လက်ခံနိုင်သေးတယ်။ အခုဟာက ရာထူးဂုဏ်နဲ့ မောက်မာစော်ကားလို့ သူ့အမေက တရားစွဲမှာ”ဟု ရှေ့နေဟောင်း တဦးလည်းဖြစ်သူ ဦးအေးမြင့်က ပြော သည်။
ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် ကို တရားစွဲဆိုသွားမည်ဖြစ်သကဲ့သို့ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း ရဲတရားရုံးကို တိုင်ကြား သွားမည်ဖြစ်သည်ဟု ဆိုသည်။
မအေးယုအောင်သည် မီးပူထိထားသော ဒဏ်ရာများဖြင့် ရက်ပိုင်းတွင်း ဈေးဝယ်ထွက်ရာတွင် ဈေးသည်များက မေးမြန်းစုံစမ်းရာမှ အိမ်ရှင် ဒေါ်ဖြူဝင်းသက်က လက်ရောက်ကျူးလွန်ထားကြောင်း ဝန်ခံပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှုအား ပဲခူးမြို့ လူမှုကူညီရေး အသင်းက မှတ်တမ်းတင် ရုပ်သံ ရိုက်ကူးထားသည်။
အဆိုပါ ရုပ်သံဖိုင်တွင် မအေးယုအောင် က“မီးပူ ပြန်တိုက်တော့ နည်းနည်းအိပ်ငိုက်သွားတယ်။ ငိုက်သွားတော့ သမီး မျက်နှာသစ်ပြီးပြန်တိုက်တယ်။ တိုက်တော့ ဒီအချိန်ထိ နှစ်ထည်ပဲ ပြီးသေးလား။ ကြာတယ် တဲ့။ မီတာခ တက်တယ်ဆိုပြီးတော့ သူ့ဘာသာသူ ယူတိုက်တယ်။ စိတ်မရှည်တော့ ယူတိုက်ပြီးတော့ သမီးကို မီးပူယူပြီးတော့ ကပ်တယ်”ဟု ပြောဆိုသည်။
အဆိုပါ ရုပ်သံမှတ်တမ်းမှာ အင်တာနက် လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့လာပြီးနောက် နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နရခ)က ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကို ကွင်းဆင်း စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူမှု မရှိသေးပေ။ ထို့အတူ ဧရာဝတီက စုံစမ်းမေးမြန်းခြင်းကိုလည်း ပြန်လည် ဖြေကြား ခြင်းမပြုတော့ပေ။
ယင်း အမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဦးအောင်ဖုန်းဝင်းကို ဧရာဝတီက မေးမြန်းသော်လည်း အသေးစိပ် ပြန်လည်ဖြေကြားရန် ငြင်း ဆိုသည်။
သို့သော် ဦးအောင်ဖုန်းဝင်းက မအေးယုအောင် မိဘများနှင့် လမ်းပြကြယ်အဖွဲ့ဘက်မှ စွပ်စွဲပြောဆိုထားမှုများနှင့် ပတ်သက်၍ ၎င်း အနေနှင့် မသိရှိကြောင်း၊ ကာယကံရှင် မအေးယုအောင်ကို မိဘရင်းလက်သို့ အပ်နှံပေးထားလိုက်ပြီဖြစ်ကြောင်း ပြောသည်။
“ကျနော်ကတော့ ကျနော်လုပ်သင့်လုပ်ထိုက်တဲ့ဥစ္စာ၊ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ပြန်အပ်လိုက်တာပဲ ရှိပါတယ်။ ကျန် တဲ့ ကိစ္စကတော့ ဘာမှမသိဘူးဗျ”ဟု ဦးအောင်ဖုန်းဝင်း က ပြောဆိုသည်။
ဆက်စပ်သတင်းများ
- ပဲခူး အိမ်ဖော် နှိပ်စက်ခံရမှု နေပြည်တော် ရဲ စုံစမ်း
- မအေးယုအောင် ဆက်လက်ထိန်းသိမ်းခံထားရ
- မီးပူနဲ့ကပ်တယ်၊ လက်မှတ်လိမ်ထိုးခိုင်းတယ်