“မပြောမပြီး မတီးမမြည်” ဆိုတဲ့ မြန်မာစကားပုံတရပ်လိုပဲ Facebook စာမျက်နှာတွေထက် ဝေဖန် နေကြတဲ့ သရုပ်ဆောင် တယောက်ရဲ့ သင်္ကြန်တွင်း ဝတ်စားဆင်ယင်မှု၊ မြန်မာသင်္ကြန်ပွဲတော်ကို မြန်မာပြည်သားတွေ ရိုးရာမပျက် ဘယ်လို ဆင်နွှဲကြသလဲ ဆိုတာကို မစပ်စုလည်း နည်းနည်း ပါးပါးလောက် ပြောဦးမှလို့တော့ တွေးမိနေပါတယ်။
ပထမဆုံး ပြောချင်တာကတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဆင်နွှဲပုံပါပဲ။ သူ လျှပ်ပေါ်လော်လီ ဝတ်စားထားပုံတွေအကြောင်း သင်္ကြန်ကာလတွင်းကတည်းက လူပြောများလာခဲ့တာ သင်္ကြန်ပွဲတော်ကြီး ပြီးတာတောင် Facebook စာမျက်နှာထက် ဝေဖန်သံတွေ မပြီးနိုင်၊ မစီးနိုင်သေးပါ။
သူရဲ့ ဝတ်စားပုံကလည်း ပြောချင်စရာပါပဲ။ အင်္ကျီရင်ဘတ်မှာ အပေါက်တွေ ဖောက်ထားပါတယ်။ ရာသီဥတုကလည်း ပူပြင်းလေတော့ ခန္ဓာကိုယ် အတွင်းပိုင်း လေဝင်အောင်များ ဝတ်ဆင်ထားလေသလားလို့တောင် ထင်မိနေပါတော့တယ်။
ဒီလို ဝတ်စားဆင်ယင် နေထိုင်မှုနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ခေါ်ယူသတိပေးသွားမယ်လို့ ရုပ်ရှင်အစည်းရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရန်ကုန်အခြေစိုက် The True News ဂျာနယ်မှာ ပြောကြားထားပါသေးတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ဧရာဝတီက မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တယ်လီဖုန်း အဆက်အသွယ် မရခဲ့ပါ။
ဒီလို သရုပ်ဆောင်တွေ လျှပ်ပေါ်လော်လီစွာ ဝတ်စားနေထိုင်လာတယ် ဆိုလို့ မစပ်စု သတိရမိတာတခုက သရုပ်ဆောင် အကယ်ဒမီ ခိုင်ခင်ဦး ဝတ်ဆင်ပုံပါ။
၁၉၉၁ ခုနှစ်လောက်က ပွဲတခုမှာ စကတ်အတို ဝတ်ဆင်လာတဲ့အတွက် လျှပ်ပေါ်လော်လီတယ် ဆိုပြီး အနုပညာလုပ်ငန်း ၆ လ ပိတ်ပင်ခံခဲ့ရဖူးပါတယ်။
ရုပ်ရှင် ဂီတ လောကသားများ မဟုတ်တဲ့ ပြင်ပ လူငယ် လူရွယ်များကလည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးကို အကြောင်းပြပြီး လျှပ်ပေါ်လော်လီ ဝတ်စားတဲ့ ပုံရိပ်တွေ အမြင်မတော် ပြုမူနေထိုင်ကြတဲ့ပုံရိပ်တွေဟာ Facebook စာမျက်နှာတွေထက်မှာ ပလူပျံနေပါတော့တယ်။
ဒီလို ပလူပျံနေတဲ့ ဓာတ်ပုံတွေကို တွေ့မြင်ရတဲ့ သူတွေအနေနဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဟာ ဒီလောက်တောင် ဆိုးဝါးနေပြီလား ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ပါ။ ဒါတွေကိုလည်း ပြည်တွင်း ပြည်ပ မီဒီယာတွေမှာရော Facebook မှာပါ ကန့်ကွက်တဲ့ သတင်းဆောင်းပါးတွေ အကြောင်းအရာတွေနဲ့ ဖော်ပြလာကြတာပါ။
သက်ဆိုင်ရာ အာဏာပိုင်တွေက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို အရုပ်ဆိုးအကျည်းတန်တဲ့ ပွဲတော်ကြီး၊ သရုပ်ပျက်ပွဲတော်ကြီး မဖြစ်ရလေအောင် မဏ္ဍပ်နာမည်တွေ၊ မဏ္ဍပ်မှာ တည်ခင်း ဧည့်ခံတာတွေ မြန်မာဆန်ဆန် ဖြစ်ရလေအောင် စည်းကမ်းချက်တွေ အမောတကော ထုတ်ပြန်ခဲ့တာလည်း ပါးစပ်ရာဇဝင်ဖြစ်လို့ နေခဲ့ပါတယ်။
“မန္တလေးမှာ စင်တွေကို ပေ ၁၀၀၊ ၂၀၀ တွေဆောက် အမြင့်တွေကလည်း ဆယ်ပေလောက် မြင့်နေတော့ အောက်မှာ အခန်းတွေ ပြန်လုပ်တယ်။ အဲ့ဒီမှာ member ဝင်ခိုင်းမယ်။ ကြေးကို ကြီးကြီးတောင်းတယ်။ အဲ့ဒီအောက်မှာ ကလပ်တွေ ပြန်ဖွင့်တယ်။ မူးယစ်ဆေးဝါး မျိုးစုံကို ရောင်းဝယ်ဖောက်ကားနေကြတယ်” လို့ မန္တလေးသူတဦးက ဆိုပါတယ်။
ဒီလို မဏ္ဍပ်တွေကို မန္တလေးမြို့ရဲ့ အထင်ကရ မင်းနေပြည်တော်ဖြစ်တဲ့ ကျုံးပတ်ပတ်လည်မှာ မေးတင် ဆောက်ထားပြီး ဖြစ်ချင်သလိုဖြစ်နေတဲ့အပေါ် မန္တလေးသားတွေ ရင်ထု မနာဖြစ်ရကြောင်း သူက ဆိုပါတယ်။
စာရေးဆရာ အသင်း ပြန်လာမယ်
တမျိုးသားလုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ သဘောထားများ ထုတ်ပြန်ခြင်း၊ အခွင့်အရေး တောင်းဆိုခြင်း၊ ကာကွယ်ခြင်းဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အထက်မြန်မာပြည် စာရေးဆရာ အသင်းကို ပြန်လည် ဖွဲ့စည်းတော့မှာပါ။
“ဥပမာ သင်္ကြန်ဆိုရင် ကျုံးပတ်ပတ်လည်မှာ ဖြစ်ပျက်နေတဲ့ အမြင်မတော်တာတွေ၊ နောက် မဏ္ဍပ်တွေ ဆောက်လုပ်တာတွေကို ကျနော်တို့ စာရေးဆရာများ အသင်းက ကန့်ကွက်တာမျိုးတွေလုပ်မယ်။ ရိုးရာ ယဉ်ကျေးမှုကို ဖျက်ဆီးနေတဲ့ ရေကစားသူတွေရဲ့ အမူအကျင့်တွေကို ဆန့်ကျင်တာမျိုးတွေ လုပ်မယ်” လို့ အသင်းဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဆူးငှက်က ဧရာဝတီကို ပြောပါတယ်။
“အာဏာပိုင် အဖွဲ့အစည်းတွေကို အရေးယူပေးဖို့တောင်းဆိုတာတွေ လုပ်မယ်။ ဒါတွေလည်း ပါပါမယ်” လို့ စာရေးဆရာ ဆူးငှက်က ဖြည့်စွက်ပြောကြားပါတယ်။
အထက် မြန်မာပြည်စာရေးဆရာအသင်းကို ၁၉၄၄ ခုနှစ်ကတည်းက စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၆၃ ဝန်းကျင်မှာ အသင်းအဖွဲ့များ ဥပဒေနဲ့ တော်လှန်ရေး အစိုးရ လက်ထက်မှာ အသင်းအဖွဲ့များ အားလုံး ဖျက်ခံရပါတယ်။
အထက်မြန်မာပြည် စာရေးဆရာအသင်းက လှုပ်ရှားမှုများမလုပ်တော့ဘဲ စာတမ်းဖတ်ပွဲများနဲ့သာ ရပ်တည်ခဲ့ပါတယ်။
၁၉၇၂ခုနှစ် နောက်ပိုင်း အာဏာပိုင်တို့အစီအစဉ်နဲ့ စာပေလုပ်သားအဖွဲ့ ဆိုတာ ပေါ်ပေါက်လာချိန်က စလို့ အထက်မြန်မာပြည် စာရေးဆရာ အသင်းအဖွဲ့ရဲ့ အခန်းကဏ္ဍ ရပ်ဆိုင်းခဲ့ပါတော့တယ်။
အထက်မြန်မာပြည် စာရေးဆရာ အသင်း ပြန်လာမယ် ဆိုတော့ စာရေးဆရာတွေရဲ့ ကလောင်အစွမ်းနဲ့ တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ အခန်းကဏ္ဍပေါင်းစုံကို အားဖြည့် ဝေဖန် ပေးနိုင်မှုကို မျှော်လင့်ရင်း…။