သတင်း

ဒုက္ခသည်များ ပြန်ပို့ရေး ထိုင်း စစ်တမ်းကောက်

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ထိုင်းအာဏာပိုင်များက ဒုက္ခသည်များ မြန်မာပြည် ပြန်ပို့ရေးနှင့်ပတ်သက်၍ ဒုက္ခသည်များ၏ အနာဂတ်အရေး သဘောထားအမြင်များစုဆောင်းခြင်း အပါအဝင် အလွတ်သဘော စစ်တမ်းကောက်ယူကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ပြင်ရှိ မယ်လ ဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည် နေအိမ်တလုံး (ဓာတ်ပုံ - Reuters)

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေစဉ်နှင့် စခန်းရောက် ဒုက္ခသည်များ၊ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် (IDPs) များ  ပြန်လည်နေရာချထားရေးတို့ကို အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အဓိကကိစ္စတရပ်အနေဖြင့် ထည့်သွင်းလုပ်ဆောင်နေစဉ်အတွင်း ဤသို့ အလွတ်သဘော စစ်တမ်းကောက်ယူမှု ပြုလုပ်ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ကရင်ဒုက္ခသည်အများစုအပါအဝင် ဒုက္ခသည် ၁ သိန်းခွဲခန့်ရှိပြီး ပြည်တွင်းတွင် စစ်ပြေး ရွာပုန်းရွာရှောင် ရွှေ့ပြောင်းဒုက္ခသည် IDPs ၁ သန်းခွဲရှိကြောင်း ကူညီကယ်ဆယ်ရေးနှင့် အထောက်အပံ့ပေးရေး အဖွဲ့များ၏ စာရင်းအရ သိရသည်။

ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) မှ လက်ထာက်ညွှန်ကြားရေးမှူး ဆယ်လီ သွန်ပဆင်က ထိုင်းအာဏာပိုင်များသည် ဒုက္ခသည်စခန်းအများစုတွင် ပြီးခဲ့သည့် မတ်လလယ်ကတည်းက စစ်တမ်းများ ကောက်ယူနေကြောင်း၊ ဒုက္ခသည်စခန်းတခုလျှင် လူ ၁၀၀ ရွေးချယ်ပြီး ၎င်းတို့၏ သဘောထားအမြင်များကို မေးမြန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

မစ္စ ဆယ်လီ သွန်ပဆင်က “ဒုက္ခသည်တွေကို သူတို့ ဘယ်သွားချင်သလဲ၊ သူတို့ အနာဂတ်မှာ ဘာလုပ်ချင်သလဲဆိုတာကို သိရဖို့အတွက် အချက်အလက်တွေ စုဆောင်းတဲ့ သဘောပါပဲ” ဟု ဆိုသည်။

တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချရေးအတွက် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာဒုက္ခသည်များသာ လျှောက်ထားနိုင်သော်လည်း ဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်မထားသည့် လူသစ်များစွာရှိနေကြောင်းသိရသည်။
TBBC ၏ ကိန်းဂဏန်းများအရ တတိယနိုင်ငံများတွင် သွားရောက်အခြေချပြီးသူ အနည်းဆုံး ၇ သောင်းခန့်ရှိကြောင်း သိရှိရသည်။

စစ်တမ်းကောက်ယူသည့် ဒုက္ခသည်စခန်းများမှာ တာ့ခ်ခရိုင်ရှိ မယ်လစခန်းနှင့် မယ်ဟောင်ဆောင်ပြည်နယ်ရှိ ကရင်နီ ဒုက္ခသည်စခန်း နှစ်ခုတို့တွင်ဖြစ်ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းမှ ဥက္ကဋ္ဌ ကိုစောထွန်းထွန်းက ထိုင်းအာဏာပိုင်များသည် လွန်ခဲ့သည့် နှစ်ပတ်က ဒုက္ခသည်စခန်းသို့ လာရောက်ကြောင်း၊ မြန်မာပြည်ပြန်ရေး၊ တတိယနိုင်ငံတွင် အခြေချရေး၊ ထိုင်းနိုင်ငံတွင် တောင်ပေါ်သားမှတ်ပုံတင်ကတ် ရယူရေးနှင့် တခြား ကိုယ်ပိုင်ဆန္ဒ ရှိ မရှိဟူသော အချက်လေးချက်ကို မေးမြန်းပြီး စစ်တမ်းလုပ်သွားကြောင်း ပြောသည်။

ဒုက္ခသည်များအနက် မြန်မာပြည် ပြန်လိုသူ၊ တတိယနိုင်ငံတွင် အခြေချလိုသူနှင့် ထိုင်းတွင်ဆက်နေလိုသူ ရာခိုင်နှုန်း မည်ရွေ့မည်မျှရှိသည်ကို ထိုင်းအာဏာပိုင်များက သိလိုကြောင်း ကိုစောထွန်းထွန်းက ဆိုသည်။

၎င်းက ဆက်လက်၍ လတ်တလောတွင် မြန်မာဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရန် မဖြစ်နိုင်သေးကြောင်း၊ အချိန် ငါးနှစ်ခန့် ယူရလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒုက္ခသည်များ ပြန်လည်အခြေချရေးအတွက် လုပ်ဆောင်စရာ များစွာ ရှိနေသေးကြောင်း၊ ပဋိပက္ခဖြစ်ရာ ဒေသများတွင် မိုင်းရှင်းခြင်း၊ ပြန်လည် အခြေချမည့်သူများအတွက် နေရာရွေးချယ်ခြင်း၊ နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးခြင်း စသည်တို့ ပါဝင်ကြောင်း လေ့လာသူများက ဆိုသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး သဘောတူညီချက်ရလျှင် ထိုင်းမြေပေါ်မှ ဒုက္ခသည်စခန်းများကို ပိတ်မည်ဖြစ်၍ ဒုက္ခသည်များအနေဖြင့် မည်သို့လုပ်ဆောင်မည်ကို ထိုင်းအာဏာပိုင်များက သိလိုကြောင်း မစ္စ သွန်ပဆင်က ဆိုသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ဆွေးနွေးပွဲ၌ မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းက အစိုးရအနေဖြင့် ပြည်တွင်း ရွာပုန်းရွာရှောင် IDPs ဒုက္ခသည်များနှင့် စစ်ပြေးဒုက္ခသည်များကို မိုးရာသီမတိုင်မီ ဇွန်လအစောပိုင်း၌ ပြန်လည် နေရာချထားလိုသည်ဟု ပြောကြောင်း သိရှိရသည်။

မစ္စ ဆယ်လီ သွန်ပဆင်ကမူ “ဒီအချိန်သတ်မှတ်ချက်က လက်တွေ့မဖြစ်နိုင်ဘူး။ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေထက် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်တွေကို ဦးစားပေး ပြန်လည်နေရာချထားပေးရမယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု ပြောသည်။

အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ပဋိပက္ခများကြောင့် ပြည်သူထောင်ပေါင်းများစွာ စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ရပြီး လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကပင် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်ခဲ့ကြရသည်။

အာရပ်စော်ဘွားများနိုင်ငံ (UAE) အခြေစိုက် The National အွန်လိုင်း သတင်းတပုဒ်တွင် မဲဆောက်မြို့ရှိ ဒုက္ခသည်အများစု အားထားရာ မယ်တော်ဆေးခန်းသည်လည်း အလှူရန်ပုံငွေ ထက်ဝက်ခန့် ဖြတ်တောက်ခံရကြောင်း၊ ဒုက္ခသည်များ မကြာမီ မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း ရေးသားထားသည်။

Loading