အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရန် ဧပြီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (Office of the Narcotics Control Board – ONCB) က ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်လိုက်သည်။
![posterwantedth-full2](https://burma.irrawaddy.com/wp-content/uploads/2012/04/posterwantedth-full2.jpg)
မူးယစ်းဆေးဝါးနှင့် ပတ်သက်၍ ဆုငွေထုတ်ထားသည့် ထိုင်းနိုင်ငံသားများ အပါအဝင် ၂၅ ဦးထဲတွင် မြန်မာနိုင်ငံမှ ၃ ဦး ပါဝင်ပြီး ဓာတ်ပုံများနှင့်အတူ ONCB ၏ အင်တာနက် ဝက်ဘ်ဆိုက်နှင့် Facebook တို့တွင် ကြေညာထားသည်။ မြန်မာနိုင်ငံမှ မူးယစ်ရာဇာ နော်ခမ်းကို ဘတ်ငွေ ၂ သန်း၊ ယင်ဆေးနှင့် ဗိုလ်နှုတ်ခမ်းမွေးတို့ကို ဘတ် ၁ သန်းစီ ဆုငွေ ထုတ်ထားသည်။
ယင်း ကိစ္စနှင့် ပတ်သက်၍ ONCB သို့ အသေးစိတ်သိရှိရေး ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။
ဗိုလ်နှုတ်ခမ်းမွေးက မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း မရှိကြောင်း၊ ထိုင်း မူးယစ်းဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အစည်းအနေနှင့် လာရောက် စစ်ဆေးမှုများ ပြုလုပ်နိုင်ပြီး ၎င်းတို့ဘက်မှ တိုက်ခိုက်မှုများ မပြုလုပ်ဟု အာမခံကြောင်း ပြောသည်။
“ဒီစွပ်စွဲမှုဟာ ကျနော်အပြင် ကျနော့်လူမျိုးနဲ့ တိုင်းပြည်ကို ထိခိုက်တယ်။ အပြစ်ရှိရင် ကျနော်ကိုယ်တိုင် ခံမယ်။ နိုင်ငံတကာ ခုံရုံးအထိ သွားရမယ်ဆိုရင် သွားမယ်။ တကယ်လို့ ကျနော့်မှာ အပြစ်မရှိဘူးဆိုရင် ဒီစွပ်စွဲမှုကို ပြန်ပြီး အရေးယူ ဆောင်ရွက်ပေးရမယ်” ဟု ဗိုလ်နှုတ်ခမ်းမွေးက ဧရာဝတီသို့ ပြောကြားသည်။
ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အနေနှင့် ကရင်တိုင်းရင်းသားများအပေါ် အထင်သေးကြောင်း၊ မကောင်းသည့် နည်းလမ်းဖြင့် လုပ်စားရန်အတွက် လုံး၀ စိတ်ကူးမရှိကြောင်း ဗိုလ်နှုတ်ခမ်းမွေးက ဆက်ပြောသည်။
ယခင် စစ်အစိုးရလက်ထက်တွင် ကမ်းလှမ်းခဲ့သော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ၂၀၁၀ ခုနှစ် ဇူလိုင်လကုန်ပိုင်းက လက်ခံခဲ့ကြသော်လည်း ဗိုလ်နှုတ်ခမ်းမွေးက ယင်းအစီအစဉ်ကို သဘောမတူဘဲ ခွဲထွက်ခဲ့သည်။ ၂၀၁၀ နိုဝင်ဘာလ၌ ကရင်ပြည်နယ်ရှိ အစိုးရတပ်များကို ပြန်လည် တိုက်ခိုက်ခဲ့ပြီး တနှစ်ပြည့်ချိန်တွင် အစိုးရနှင့် ပြန်လည် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်၍ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအတွင်းရှိ တချို့သော လက်နက်ကိုင်အဖွဲ့များက ထုတ်လုပ်နေကြပြီး ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင် ရောင်းချနေကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ် ဒေသတွင်းရှိ ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့ဖြစ်သော “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် အာရှတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို အကြီးအကျယ် ထုတ်လုပ်နေသည့် အဖွဲ့တဖွဲ့ ဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုသည်။
ကမ္ဘာပေါ်၌ ဘိန်းစိုက်ပျိုးမှုအများဆုံး နိုင်ငံတနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် တနှစ်အတွင်း၂၀ ရာခိုင်နှှုန်း တိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးရုံး (UNODC) ၏ ၂၀၁၁ ခုနှစ်ထုတ် အစီရင်ခံစာတွင် ရေးသားထားသည်။
အစိုးရ သတင်းစာများကမူ ဘိန်းအပါအဝင် မူးယစ်ဆေးဝါးများ ဖျက်ဆီးနေသည့် သတင်းများနှင့် နှစ်ရှည် စီမံကိန်းများ ချမှတ်ကာ မူးယစ်ကင်းစင်ရေးအတွက် လုပ်ဆောင်နေကြောင်း မကြာခဏ ရေးသားဖော်ပြလေ့ရှိသည်။