ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့ နံနက်ပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ဗုံးစများထိမှန်ထားသော ဒေသခံ သုံးဦးကို အရေးပေါ် ကုသပေးထားရကြောင်း မြစ်ကြီးနား မြို့နယ် ဆေးရုံကြီးနှင့်နယ်မြေခံရဲစခန်းတို့က ပြောသည်။
မြစ်ကြီးနားမြို့နယ်ဆေးရုံကြီး မျက်နှာစာ ဘယ်ဘက်ခြမ်းထောင့်အပြင်ဘက်ရှိ ယာဉ်ထိန်းရဲစခန်းရုံးနှင့် ကိုက် ၂၀ အတွင်းလမ်းမ ပေါ်တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံရဲအရာရှိက ပြောပြသည်။
ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား နှစ်ဦးနှင့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တဦးတို့၏ ခန္ဓာကိုယ် တွင် ဗုံးစများ ထိမှန်၍ ဒဏ်ရာများရရှိသွားသဖြင့် မြစ်ကြီးနားမြို့နယ်ဆေးရုံကြီးသို့ ပို့ထားကြောင်း မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ဗုံးက ကွဲတာတလုံးတည်းပါ။ ထိခိုက်ဒဏ်ရာရတဲ့လူတွေကိုတော့ ဆေးရုံပို့ထားပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ကတော့ တရားခံ စုံစမ်းဆဲနဲ့ အမှုဖွင့်ထားတာတွေတော့ လုပ်ထားတယ်”ဟု ထိုရဲအရာရှိက ဆိုသည်။
ပေါက်ကွဲသည့် ဗုံးအမျိုးအစားနှင့် ပတ်သက်၍ သိရှိနိုင်ရန် မြစ်ကြီးနားမြို့ရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း တပ်ဖွဲ့များက လာရောက်စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း အထက်ပါ ရဲအရာရှိက ဆက်ပြောသည်။
ဒဏ်ရာရရှိသူ သုံးဦးအနက် အမျိုးသား တဦးနှင့် အသက် ခြောက်နှစ်အရွယ် အမျိုးသမီးငယ်မှာ ခန္ဓာကိုယ်တွင် ဗုံးစများ ထိမှန် ထားသော ဒဏ်ရာများကို အရေးပေါ်ခွဲစိပ်ပေးလျက်ရှိကြောင်း၊ ကျန်တဦးမှာ ပါးပြင်တနေရာသာ ထိမှန်ထားခြင်းကြောင့် စိုးရိမ် စရာမလိုကြောင်း မြစ်ကြီးနားမြို့နယ်ဆေးရုံကြီး ခွဲစိပ်ဆောင် တာဝန်ကျ ဝန်ထမ်းတဦးက ပြောပြသည်။
“ကလေးမလေးနဲ့ ယောက်ျားလေးတယောက်က တူအရီး နှစ်ယောက်ထင်တယ်။ သူတို့ကတော့ ဒဏ်ရာနည်းနည်းပြင်းတော့ ချက် ချင်းခွဲစိပ်ဖို့ ပြင်နေပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရလားဆိုတာက ခွဲစိပ်ပြီးမှ သိရမယ်။ ကျန်တဲ့တယောက်ကတော့ ပါးမှာ ထိ ထားတာ။ သိပ်စိုးရိမ်စရာမရှိဘူး”ဟု ခွဲစိပ်ဌာန ဝန်ထမ်းတဦးက ဧရာဝတီကိုပြောသည်။
ဗုံးကွဲမှုကြောင့် မြစ်ကြီးနားမြို့ပေါ်၌ လုံခြုံရေး တင်းကျပ်မှု မရှိသော်လည်း မြစ်ကြီးနားနှင့် မိုးညှင်းမြို့အကြားရှိ ရထားသံလမ်း တလျှောက်တွင်မူ စစ်တပ်က လုံခြုံရေး အနှံ့ချထားပြီး ညနေ ၆ နာရီ နောက် ပိုင်း သွားလာသူများကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။
ဧပြီ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့အထွက် နန်းကွတ်တံတားပေါ်ရှိ ရထားသံလမ်းတွင်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရရရှိခြင်းမရှိပေ။
ထိုပေါက်ကွဲမှုများနှင့်ပတ်သက်သည့် လက်သည်တရားခံအား ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲဖြစ်နေသကဲ့သို့ ယခင်နှစ်က မြစ်ကြီး နား မြို့ပေါ်တွင် လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိစေခဲ့သော မိဘမဲ့ ကလေးမျာအား စောင့်ရှောက်နေသည့် နေအိမ်တခုအတွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကိုလည်း ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပေ။
ကချင်ပြည်နယ်အတွင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုများမှာ အဆင်မပြေနိုင်သေးဘဲဖြစ်နေပြီး အစိုးရတပ်မတော်နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA) တပ်များအကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေကြောင်း သိရသည်။
ထိုတိုက်ပွဲများကြောင့် ကချင်ပြည်နယ် နယ်စပ်နှင့် တရုတ်နယ်စပ်တွင် တိမ်းရှောင်နေကြရသည့် သောင်းချီသော ဒေသခံ များမှာလည်း နေရပ်ရင်းသို့ မပြန်နိုင်ကြသည်မှာ ၁၀ လခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။