သတင်း

NLD လွှတ်တော်တက်ရေး မတင်မကျ ဖြစ်နေသေး

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်လွှာဆိုင်ရာ ဝေါဟာရ ပြင်ဆင်ရေး တောင်းဆိုမှုနှင့် ပတ်သက်၍ ကျင်းပနေသည့် လွွှတ်တော်တွင်း၌မည်သို့ ဖြေရှင်းကြမည်ဆိုသည်မှာ မတင်မကျ ဖြစ်နေသည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ရန်ကုန်မြို့ ဘာသာရေး အခမ်အးနားတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

ယမန်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကန်ပက်လက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်းသည့် တရားရေးမဏ္ဍိုင် အားကောင်းစေရေး အဆိုကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်း၊ လွှတ်တော်အစည်း အဝေး သို့ သမ္မတမှ အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် သည့် စာတစောင်ပေးပို့ခဲ့ကြောင်း၊ NLD မှ တောင်းဆို ထားသည့် ကိစ္စရပ် မပါဝင်ကြောင်း၊ ကျမ်းကျိန်လွှာ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှု မရှိသေးကြောင်း သိရသည်။

သို့ဖြစ်၍ မည်သို့ ဆက်လက်ဖြေရှင်းမည်ကို ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ NLD ၏ အဆိုပါ ကိစ္စ အဓိက ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက NLD ၏ လက်ရှိ ချဉ်းကပ် လုပ်ဆောင်သည့် နည်းလမ်း အသေးစိပ်ကို မဖြေကြားနိုင်ကြောင်း ပြောသည်။

“ကျနော်တို့က ဥပဒေဆိုင်ရာ အကြံပြုချက်တင်ထားပါတယ်။ အဲတော့ တင်ထားတဲ့ကိစ္စကို မဆုံးဖြတ်သေးခင် ကျနော်တို့ ပြော လို့ရှိရင် မသင့်တော်ပါဘူး၊ ဒါကြောင့် ဒီနည်းလမ်းဆိုတာတွေကို ကျနော်တို့ မဖြေနိုင်တာပါ”ဟု သူက ဆိုသည်။

သို့သော် ယခုကိစ္စသည် အရေးကြီး၍ ညှိနှိုင်းကြိုးစားနေခြင်းဖြစ်ပြီး NLD ကိုယ်စားလှယ်များအနေဖြင့် လာမည့် စက်တင်ဘာ လ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့သာ တက်ရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

NLD က ကျန်းကျိန်လွှာစကားရပ် ပြင်ဆင်ရေးအတွက် ဥပဒေအကြံပြုလွှာကို သမ္မတရုံး၊ လွှတ်တော် ၂ ရပ်နှင့် ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ခုံရုံး များသို့ တင်သွင်းထားကြောင်း သိရသည်။

နိုင်ငံရေးဆောင်းပါးများ ရေးသားသူ စာရေးဆရာ မောင်ဝံသကမူ NLD ၏ ကျမ်းကျိန်လွှာ စကားရပ် ပြင်ဆင်ရေးသည် အစိုးရ ပိုင်း က နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ၌ ပြင်ဆင်ပေးပြီးဖြစ်၍ လွှတ်တော်တွင် ပြင်ဆင်ရန် ခက်ခဲမည်ဟု မထင်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားတင်ပြထားသည်။

“နိုင်ငံတော်သမ္မတ က ဖြစ်စေ၊ လွှတ်တော်ဥက္ကဌများက ဖြစ်စေ၊ ဒီချုပ်(NLD)အမတ်များကို ဝင်သာဝင်လာခဲ့ပါ။ အထဲရောက် တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျနော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ဝင်လာနိုင်မယ်လို့ ယူဆပါတယ်”ဟု ဆိုသည်။

ဆက်လက်ပြီး သူက“အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင် အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတခု ဖြစ်လာမှာပါ”ဟုလည်း ပြောဆိုသည်။

Loading