သစ်အရောင်းအဝယ် နိုင်ငံအကျိုးဖြစ်စေချင်
This article has been converted from Zawgyi One to Unicode
ဥရောပသမဂ္ဂ၏ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ တနှစ် ယာယီရုပ်သိမ်းပေးပြီဖြစ်ရာ ကျွန်းနှင့် တခြားသစ်မာများ အရောင်းအဝယ် ပြန်လည် စတင်နိုင်ဖွယ် ရှိသောကြောင့်တရားမဝင် သစ်ခိုးထုတ်မှုများကို ရှောင်ကျဉ်ပြီး ရရှိလာမည့် အကျိုးအမြတ်များ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုစေလိုကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ကြည့်သူများက ပြောဆိုလိုက်သည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့သစ်အရောင်းအဝယ်ကို ဥရောပ သစ်တောဥပဒေပါ အဆင့်အတန်းနှင့်အညီ ပြုလုပ်မည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း စစ်တပ်နှင့် စီးပွားရေးသမားများ ထဲထဲဝင်ဝင် ပတ်သက်နေသော ကျွန်းနှင့် သစ်မာ ထုတ်လုပ်တင်ပို့ရေးသည် ပွင့်လင်းမြင်သာမှုမရှိခဲ့ဘဲ ခြစားယိုယွင်းသော အုပ်ချုပ်ရေးစနစ်ဖြင့်သာ စခန်းသွားနေခဲ့သည်ဟု လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရေးရာ စုံစမ်းရေး အေဂျင်စီ (Environmental Investigation Agency – EIA) က ပြောဆိုသည်။
“ရာစုနှစ်တဝက်လောက် စစ်တပ်၊ စစ်တပ်နဲ့ နီးစပ်ရာ စီးပွားရေးသမားတွေရဲ့ ခြစားမှု၊ ချုပ်ကိုင်မှုတွေကနေ လွန်မြောက်လာအပြီး မြန်မာနိုင်ငံမှာ သစ်တင်ပို့ရောင်းချမှု ရေရှည်ဖြစ်ဖို့၊ တရားဝင်ဖို့တွေကို ရှင်းလင်းစွာ ကျမတို့ သိနိုင်မယ့် စိတ်ချရတဲ့အနေအထား မရှိသေးပါဘူး” ဟု EIA မှ သစ်တောရေးရာတာဝန်ခံ ဖိတ်သ် ဒိုဟာတီက လူဇင်ဘတ်အခြေစိုက် Environment News Service သို့ ပြောဆိုသည်။
ထို့ကြောင့် မြန်မာ့သစ်ရောင်းဝယ်ရေးကို အထူးလေ့လာစောင့်ကြည့်ရန်နှင့် တရားဝင်ရောင်းချမှုမှ ရလာမည့် အကျိုးအမြတ်များကိုလည်း နိုင်ငံ့ကောင်းကျိုးအတွက် အသုံးပြုစေရန် လိုအပ်ကြောင်း ဖိတ်သ် ဒိုတ်ဟာတီက ပြောဆိုသည်။
ကမ္ဘာ့သစ်တောများ လေ့လာစောင့်ကြည့်နေသည့် Global Witness အဖွဲ့ကြီး၏ ၂၀၀၅ ခုတွင် ထုတ်ဝေခဲ့သော အစီခံစာတွင် ကချင်ပြည်နယ်အတွင်းရှိ မြန်မာသစ်များ တရုတ်နိုင်ငံသို့ အကြီးအကျယ် ခိုးထုတ်ခဲ့ကြောင်း ဖော်ပြဖူးသည်။ Global Witness အဖွဲ့ကြီး၏ အစီရင်ခံစာအရ မြန်မာ့သစ်တော ၁၈ ရာခိုင်နှုန်းမှာ ၁၉၉၀-၂၀၀၅ အကြား ပျောက်ကွယ်သွားကြောင်း သိရသည်။
အစီရင်ခံစာထွက်အပြီး တရုတ်နိုင်ငံဘက်မှ တရားမဝင်သစ် တင်သွင်းမှုကို တားဆီးအရေးယူခဲ့သဖြင့် မြန်မာ့သစ်တော ပြုန်းတီးမှု အရှိန်နှုန်းကျသွားခဲ့သည်။ သို့သော် ပြီးခဲ့သည့် ၃ နှစ်အတွင်း မြန်မာဘက်မှ တင်သွင်းလာသည့် သစ်လုံးတန်ချိန် ၂ သိန်း ၇ သောင်း၊ ကြိတ်ခွဲပြီးသစ်တန်ချိန် ၁ သိန်း ၇ သောင်း ကုဗမီတာကို တရုတ်နိုင်ငံ ယူနန်နယ်ထဲတွင် တွေ့ရကြောင်း၊ ယင်းသစ်များ၏ ၁၀ ပုံ ပုံ ၉ ပုံမှာ တရားမဝင် သစ်များဖြစ်ကြောင်း Global Witness အဖွဲ့က အစီရင်ခံထားသည်။
မြန်မာ့သဘာဝသယံဇာတ အရင်းအမြစ် အများစုမှာ တိုင်းရင်းသားဒေသများမှ ဖြစ်သော်လည်း ဒေသခံလူထုအတွက် အကျိုးမဖြစ်ကြောင်း တိုင်းရင်းသား နိုင်ငံရေးသမားများကလည်း ပြောဆိုနေကြသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝ ကျွန်းသစ်တောများ ပိုင်ဆိုင်သည့် လက်ကျန်နိုင်ငံ ၄ နိုင်ငံအနက် အများဆုံး ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး၏ နောက်ဆုံးအစီရင်ခံစာအရ အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံများတွင် ကျွန်းထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီဖြစ်သော်လည်း ကမ္ဘာ့ကျွန်းသစ် ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံကမူ ကျွန်းသစ် ဆက်လက်ထုတ်နေခဲ့သည်။