လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားလာနိုင်သည် ဆိုသော ကောလာဟလများကြောင့် ပဲခူးတိုင်း ပြည်မြို့ရှိ အစ္စလမ် ဘာသာဝင်များ စိုးရိမ်နေကြကြောင်း သတင်းရသည်။
ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မကွေးတိုင်းကံမမြို့၌ စီးပွားရေးလုပ်ငန်းချင်း ပြိုင်ဆိုင်ရာမှ အစပြုဖြစ်ပွားခဲ့သည့် ပဋိပက္ခ အချင်းများမှုများအပြီး ပြည်မြို့တွင် လည်း အမည်မသိ အဖွဲ့အစည်းများက စာများဖြန့်ဝေခြင်း၊ အင်တာနက် ဝက်ဘ်ဆိုက်များနှင့် လှုမှုကွန် ရက် Face Book ပေါ်တွင် လှုံ့ဆော်ခြင်းများ ပြုလုပ်လာသည့်အတွက် စိုးရိမ်မှုများ တိုးပွားနေခြင်းဖြစ်သည်။
ပြည်မြို့ခံ အစ္စလမ် ဘာသာဝင် ဦးဝင်းနိုင်က “အခုလာပြီး ချတော့မယ်၊ ဘာညာဆိုပြီး ထင်ယောင် ထင်မှားဖြစ်အောင် ကောလာ ဟလတွေ အသံထွက်နေတော့ စိုးရိမ်တယ်၊ တွေ့ဖူးကြုံဖူးတော့ ပစ္စည်းလေး ဘာလေး သိမ်းထားရတာပေါ့”ဟု ဆိုသည်။
လောလောဆယ် အခြေအနေအရ အစ္စလမ် ဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘာသာဝင်များ အထင်အမြင်လွဲမှားမှုမရှိစေရန် အတွက် ဘာသာရေးဝတ်ပြုမှုများနှင့် တခြားသောလူမှုရေးကဏ္ဍများတွင် အစွန်းမထွက်စေရန် သိုသိပ်စွာနေထိုင်ကြောင်း ၎င်းကပြောသည်။
အဆိုပါ လူမျိုးရေးအဓိကရုဏ်း လှုံ့ဆော်စာများကို ပြည်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)ဝင်တချို့ကဖြန့်ဝေသည်ဟု သတင်းများထွက်ပေါ်သည့်အတွက် ကြံ့ခိုင်ရေးပါတီက မြို့လယ် ကာကာဗလီ ၌ ရှင်းလင်းပွဲလုပ်ရန် ယမန်နေ့က စီစဉ်ကြောင်း၊ သို့သော်လည်း ဖြစ်ပေါ်မလာခဲ့ကြောင်း ဦးဝင်းနိုင်က ဆက်လက် ရှင်းပြသည်။
ပြည်မြို့၌ လူမျိုးရေး အဓိကရုဏ်းများသည် ၁၉၈၈ ၊ ၁၉၉၆ ၊၂၀၀၁ ခုနှစ်များတွင် သုံးကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ရာ အစိုးရကဖန်တီးခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။
တခြားသော အစ္စလမ် ဘာသာဝင်တဦးက ပြည်မြို့၏ လက်ရှိအခြေအနေမှာ အေးဆေးတည်ငြိမ်နေကြောင်း၊ ဗုဒ္ဓဘာသာဝင်များ က လည်း အဓိကရုဏ်းဖြစ်ပွားမှုကို လိုလားခြင်းမရှှိသကဲ့သို့ စိတ်ဝင်စားခြင်းလည်း မရှိကြောင်း၊ အင်တာနက် ဝက်ဘ်ဆိုက်များတွင် ဖြန့်ဝေနေသကဲ့သို့ အခြေအနေမျိုး မရှိကြောင်း ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြည်မြို့ရွှေလက်လှ ရပ်ကွက် ချင်းတန်းလမ်းတွင် လူ ၅၀ ခန့်စုဝေးရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင်တချို့ ပါဝင်ကြောင်း၊ အစ္စလမ် ဘာသာဝင်တို့၏ အိမ်များကို ဖျက်ဆီးရန် လှုံ့ဆော်ခဲ့သော်လည်း အထမမြောက်ခဲ့ကြောင်း myanmarmuslim.net ဆိုသည့် အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက“သတင်းတွေတော့ ထွက်လာတယ်၊ NLD ပါတီဝင်တွေပါတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ၊ ကျနော်တို့လည်း ဒေသခံတွေကို သည်းခံကြဖို့၊ စိတ်ထိန်းဖို့ ပြောထားပါတယ်”ဟု ဆိုသည်။
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသစ် တည်ထောင်မည့် အချိန်တွင် ယခုကဲ့သို့ အငြင်းပွားနေမည့် အစား တဦးအပေါ် တဦးနားလည်မှုရှိကြရန်၊ သည်းခံရန် မကြာသေးမီက ပြောဆို ခဲ့သေးသည်။
ပြည်မြို့ခံ လူငယ်တဦးဖြစ်သည့် ကိုသီဟကလည်း လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားစေရန်အတွက် စာဖြန့်ဝေမှုများ၊ အင်တာနက် ဝက်ဘ်ဆိုက်များမှ လှုံ့ဆော်မှုများရှိသော်လည်း မြို့ခံအများစုမှာ စိတ်ဝင်စားမှုမရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံရေးကို သာ ပိုမိုစိတ်ဝင်စားကြောင်း ပြောဆိုသည်။
“လူတွေပါလာမလားဆိုပြီး ကောလာဟလတွေကို ပြောနေတာ၊ လူငယ်ပိုင်းက လက်မခံဘူး၊ အာရုံ မညွှတ်ဘူး”ဟု ၎င်းက ဆို သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပွားလျှင် အဓိကရုဏ်းများဖြစ်ပွားတတ်ရာ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ လက်ထက် မကြာခဏဖြစ်ပွားသည်ကို တွေ့ရသည်။
မကြာသေးမီ ကလည်း မကွေးတိုင်း ကံမမြို့တွင် မော်တော်ဆိပ်နှင့် ရေယာဉ်လိုင်းများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှသာ နှစ်စဉ်ရရှိနေရာ ယခုနှစ်တွင် အစ္စလမ် ဘာသာဝင် ဒေါ်ဝါဝါ ရရှိသွားသည်မှ အစပြုကာ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားပြီး ဘာသာရေး အဆောက်အဦးများနှင့် အိုးအိမ်များ ဖျက်ဆီးခြင်း ခံခဲ့ရသည်။
အလားတူ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတွင်လည်း ဖြစ်ပွားခဲ့သေးသည်။