ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ၏ လိုင်ဇာ ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ရန် အစိုးရတပ်များက ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် တပ် အင်အားများ တိုးမြှင့်၍ ချဉ်းကပ်မှုများ ပြုလုပ်နေကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2011/12/22654-sumla6701.jpg)
KIO ဌာနချုပ်အနီး ဝန်းရံထားသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများကို သင်္ကြန်ကာလမှစတင်ကာ တပ် ရိက္ခာ၊ တပ်အင်အား၊ အဝေးပစ် လက်နက်ကြီးများနှင့် အခြား လက်နက်ခဲယမ်းများကို ကုန်းလမ်းမှတဆင့် ဖြည့်တင်းမှုများ ပြုလုပ်နေသကဲ့သို့ လေကြောင်းဖြင့်ပါ တိုးမြှင့်လုပ်ဆောင်နေခြင်းများကို ထောက်ပြပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
“သူတို့ကတော့ ကျနော်တို့ရဲ့ဗဟိုဌာနချုပ်အနီးကို နီးနိုင်သမျှနီးအောင် ချဉ်းကပ်နေတာမျိုး ရှိတယ်။ အထူးသဖြင့်တော့ ဌာနချုပ် လိုင်ဇာနဲ့ ပါချောင်ကြားမှာရှိနေတဲ့ တောင်ကုန်းတွေပေါ်မှာ ဒီအတောအတွင်း တပ်အင်အား ရာနဲ့ချီပြီးတော့ ဖြည့်တယ်။ အခု ရဟတ်ယာဉ်နဲ့ပါ နေ့တိုင်းအသုံးပြုလာတယ်ဆိုတော့ ကျနော်တို့ ဗဟိုဌာနချုပ်ရဲ့လုံခြုံရေးအပိုင်းကလည်း တော်တော်လေး စိုးရိမ် စရာဖြစ်လာတာပေါ့ဗျာ”ဟု ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ဌာနချုပ်ဝန်းကျင်ရှိ အစိုးရတပ်များကို လေကြောင်းမှတဆင့် လက်နက်နှင့် လူအင်အားဖြည့်တင်းမှုများပြုလုပ်နေသကဲ့သို့ အဝေး ပစ် လက်နက်ကြီးများကိုလည်း ကုန်းကြောင်းဖြင့် သယ်ယူဖြည့်တင်းနေခြင်းကြောင့် KIO နှင့် အစိုးရအကြား တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားနေပြီး ဧပြီ ၂၄ ရက်နေ့ထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၉၅ ကြိမ်ရှိပြီဖြစ်ကြောင်း ဦးလနန်က ပြောသည်။
တိုက်ပွဲများသည် လိုင်ဇာဌာနချုပ်နှင့် ယခင်ထက် ပိုမိုနီးကပ်လာနေပြီး အစိုးရတပ်များက အဝေးပစ် ၁၂၀ နှင့် ၈၀ မမ၊ အမြောက် လက်နက်ကြီးများနှင့် အသုံးပြု ပစ်ခတ်နေသကဲ့သို့ KIO ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ခုခံ ပစ်ခတ်နေကြောင်း၊ ထိုအခြေအနေများကြောင့် မကြာမီတိုက်ပွဲကြီးများ ပိုမိုပြင်းထန်လာနိုင်သဖြင့် KIO ဘက်ကလည်း ပြင်ဆင်မှုများပြုလုပ်ထားကြောင်း ၎င်းက ဆိုသည်။
နှစ်ဖက်တပ်များ တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေချိန် ယခုလ ၁၇ ရက်နေ့က ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ ထံမှ ပြည်သူလူထုပါဝင် လေ့လာနိုင်ခွင့်ရှိစေရန်ဟုဆိုကာ မြစ်ကြီးနားမြို့ပေါ်တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း လာမှုကို KIO ဘက်က အဆင်သင့်မဖြစ်သေးကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
“အခုအချိန်မှာ တိုက်ပွဲတွေက ကျနော်တို့ရဲ့ ဗဟိုဒေသအနားမှာ ပြင်းပြင်းထန်ထန်ဖြစ်လာတယ်။ ဗဟိုနဲ့ ရင်ဆိုင်ထားရတဲ့ အစိုးရ တပ်စခန်းတွေမှာ ရိက္ခာ၊ လက်နက်ခဲယမ်း၊ လူအင်အားတွေကို မြေပြင်ရော၊ လေကြောင်းအကူညီနဲ့ပါ သူတို့လုပ်လာတယ်။ အဲလို ဟာမျိုးဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ဘက်က မြစ်ကြီးနားမြို့ကို သွားပြီး တွေ့ဆုံဖို့ လုပ်တဲ့အခါမှာ မဆီလျော်တဲ့အတွက် အဆင် သင့် မဖြစ်သေးတဲ့အကြောင်း ပြန်ကြားထားတာပါ”ဟု ဦးလနန်က ပြောသည်။
ဇန်နဝါရီလပိုင်းက အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များနှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း KIO ဘက်က ပထမဆုံးတောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းဆုတ်ခွာပေးရန်နှင့် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်မာဖြစ်စေရန် နိုင်ငံတကာ၏ စောင့်ကြပ်မှုအောက်တွင် သက်သေထူ လက်မှတ်ရေးထိုးကြ ရန် တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောနိုင်မှုမပြုနိုင်သဖြင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်းဖြစ်ကြောင်း ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင် နေထိုင်သည့် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် KIO တို့က ပြောသည်။
အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်နဝါရီနှင့် မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြ သော် လည်း ရေရာသည့် သဘော တူညီချက် တစုံတရာမရရှိသေးဘဲ ရှိနေသည်။ ထိုတွေ့ဆုံပွဲများတွင်လည်း ဒေသတွင်း တိုက်ခိုက်ရေး ဘက်မှ အရေးပါသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ကိုယ်တိုင် တက်ရောက်ခြင်းမရှိကြောင်း KIO က ပြောသည်။
KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု တိုးမြင့်လာသည်နှင့်အမျှ လိုင်ဇာမြို့ပေါ်ဒုက္ခသည်စခန်းနှင့် အခြား ကချင် ဒုက္ခသည် စခန်းများတွင် ယခုလ ၁၆ ရက်နေ့မှစတင်ကာ ၁၀ ရက်အတွင်း စစ်ဘေးခိုလှုံသူပေါင်း ၁၀၀၀ ကျော်တိုးလာကြောင်း၊ ဒုက္ခသည်စခန်းများသို့ ရောက်ရှိမလာနိုင်ဘဲ တောတောင်များအတွင်း ရွာလုံးကျွတ် ထွက်ပြေးခိုလှုံနေသူများလည်း ရှိကြောင်း ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဌ ဦးဒွဲပီဆား က ပြောပြသည်။
“အခုဟာက ထိုးစစ်က ပြန်တိုးလာတော့ နေလို့မရတော့တဲ့အတွက်ကြောင့်မို့ ဒုက္ခသည်တွေထပ်ထွက်လာကြတာပေါ့။ တော်တော် များများဖြစ်နေတာ ဝိုင်းမော်မြို့နယ်ထဲမှာ။ တချို့ရွာလုံးကျွတ်ပျောက်နေတယ်။ တောထဲကိုထွက်ပြေးနေကြတာ။ တချို့ကလည်း တိုက်ပွဲနဲ့ဝေးရင်ပြီးရောဆိုပြီး အနီးအနားမှာ ပတ်ပြီး ပုန်းနေကြတာ။ ဒီကစခန်းတွေကို ရောက်မလာနိုင်ကြဘူး”ဟု ဦးဒွဲပီဆား က ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်များ ထပ်တိုးမလာမီအထိ ကချင်ပြည်နယ် နယ်စပ်ဒုက္ခသည်စခန်းများတွင် မူလက ဒုက္ခသည်ပေါင်း ၄၅၀၀၀ ကျော် ရှိသည်။ အဆိုပါ ဒုက္ခသည်များသည်လည်း ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် ရပ်ရွာ အိုးအိမ်များကို စွန့်ခွာ၍ လာရောက်ခိုလှုံနေကြပြီး နေရပ်ရင်းကို မပြန်နိုင်ကြသေးသူများ ဖြစ်သည်။