မြန်မာနိုင်ငံတွင် ထူးခြားသည့် နိုင်ငံရေးတိုးတက်မှု များ တွေ့ရသော်လည်း မကြာမီက စတင်သည့် ပြောင်းလဲမှုသည် နောက်ပြန် လှည့်သွားနိုင်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောကြားလိုက်သည်။
“နိုင်ငံခြားရေးဝန်ကြီ မစ္စ ကလင်တန်ပြောသလို ပြောရရင် အခြေအနေတွေက နုနယ်နေသေးတယ်၊ အချိန်မရွေး နောက် ပြန် လှည့်ပြီး ပျက်စီးသွားနိုင်တဲ့ အနေအထားမျိုးလည်း ရှိနေပါသေးတယ်”ဟု ကာ့တ် ကမ်းဘဲလ်က ဆိုသည်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၏ ယမန်နေ့က ကျင်းပသော မြန်မာ့အရေးဆိုင်ရာ မူဝါဒ ကြားနာပွဲ၌ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က ပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ထူးခြားသည့် ပြောင်းလဲတိုးတက်မှုတချို့ကို ဂရုတစိုက်အားပေးအသိအမှတ်ပြုရန် လိုကြောင်း၊ မြန်မာနိုင်ငံတွင် ကြာမြင့်စွာရှိခဲ့သည့် စစ်အာဏာရှင်စနစ်၏ အမွေအဖြစ် ဖိနှိပ်သည့် ဥပဒေ၊ အဂတိလိုက်စားမှုများနှင့် တရားရေး စနစ်၊ သတင်း လွတ်လပ်ခွင့် မရှိမှုတို့သည် ယနေ့တိုင် ရှိနေသေးကြောင်းလည်း ကမ်းဘဲလ်က ထည့်သွင်း ပြောဆိုသွားသည်။
ထို့ကြောင့် အမေရိကန်က မြန်မာကို အရေးယူထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုကို မစဉ်းစားဘဲ ရုပ်သိမ်း လိုက်လျှင် အဂတိ လိုက်စားမှု သံသရာ လည်စေမှာကို သတိထားမိကြောင်းလည်း သူက ဆိုထားသည်။
အလားတူ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်ဟောင်း သောမတ်စ် အင်ဒရူး အပါအဝင် သီးခြား လွတ်လပ်သည့် မြန်မာ့ အရေး ကျွမ်းကျင်သူများကလည်း မြန်မာ၏ အခြေအနေသည် နောက်ကြောင်းပြန်လှည့်နိုင်သည့် အခြေအနေရှိနေသေး ၍ အိုဘားမား အစိုးရနှင့် ကွန်ဂရက် လွှတ်တော်တို့သည် အမေရိကန်၏ မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများကို လျှော့ပေါ့ရန် မသင့်သေးကြောင်း တိုက်တွန်းပြောဆိုကြသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အမေရိကန် ၏ စဉ်းစားဆုံးဖြတ်မှုတို့သည် အမေရိကန်နှင့်သာ သက်ဆိုင်ပြီး နောက်ကြောင်းပြန်လှည့်နိုင်ဟု အမေရိကန်၏ သုံးသပ်ချက်ကို လက်တွေ့ စောင့်ကြည့်ရမည်သာ ဖြစ်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ စဉ်းစားဆုံးဖြတ်မှုသည်လည်း အမေရိကန်နှင့်သာ သက်ဆိုင်ကြောင်း ဧရာဝတီကို ပြောသည်။
“Sanction ချတုန်းကလည်း သူတို့ စိတ်ကြိုက်ချတာ။ ကျနော်တို့ ဘာမှ ဝေဖန်စရာ မရှိဘူး။ ကျနော်တို့ သဘောထား က တ သမတ်တည်းပါ။ Sanction ချတဲ့ နိုင်ငံတွေရဲ့ တာဝန်ပါ။ Sanction ချပြီးရင် ဘာကြောင့်ချသလဲ၊ ချတာတွေဟာ ပြန်ပြီးတော့
ပြည့်စုံသွားပြီလား၊ ဒါကိုပဲ ကျနော်တို့ ညွှန်ကြားနေပါတယ်”ဟု ဦးဉာဏ်ဝင်း က ဆိုသည်။
ယမန်နေ့က အောက်လွှတ်တော် ကြားနာပွဲတွင် အမေရိကန် အခြေစိုက် U.S Campaign for Burma(USCB) မှ ဒါရိုက်တာ ကိုအောင်ဒင်ကလည်း မြန်မာနိုင်ငံတွင် မကြာမီက ကျင်းပခဲ့သည် ကြားဖြတ်ရွေး ကောက်ပွဲပြီးနောက် အမေရိကန်၏ တုံ့ပြန်မှုသည် မြန်ဆန်ပြီး အလွန်အကျွံ တုံ့ပြန်နေသည်မှာ မသင့်ကြောင်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရက်လွှတ်တော်အမတ်များနှင့်လွှတ်တော်တွင်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု ရှိမရှိ၊ လွှတ်တော်ပြင်ပတွင်လည်း အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးမှုများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် နိုင်ငံရေး အင်အားစုများနှင့် စေ့စပ်ညှိနှိုင်းနေမှုများ အမှန်တကယ်ရှိ မရှိ၊ အမေရိကန်က သေချာ ပြန်သုံးသပ်သင့်ကြောင်းလည်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု နိုင်ငံခြားရေးဆိုင်ရာ တွဲဖက်အတွင်းရေးမှူး ကိုစိုးအောင်ကလည်းမြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်အရေးယူမှုများ ရုပ်သိမ်း၊ လျှော့ပေါ့ နေကြသည့် နိုင်ငံများအနေဖြင့် ဒဏ်ခတ် ပိတ်ဆို့မှု လုပ်ခဲ့ရခြင်း၏ စံချိန်စံညွှန်းများသည် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု၊ တိုင်းရင်းသား ဒေသများတွင် အပစ် အခတ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ နိုင်ငံရေးအကျဉ်းသားများ ကိုခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး စသည့် အချက်များပါဝင်ပြီး အဆိုပါ အချက်များ မပြည့်မီသေးကြောင်း ပြောဆိုသည်။
“အခု သူတို့လုပ်ပုံက ကိုယ်တောင်းဆိုထားတဲ့ စံချိန်ပြည့်ဝမှု ရှိ၊ မရှိ ဆန်းစစ်ဖို့ လိုမယ်လို့ ထင်တယ်”ဟု ကိုစိုးအောင်က ဆို သည်။
ဥရောပ သမဂ္ဂ၊ အမေရိကန်၊ ကနေဒါ စသည့် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို တစုံတရာနားလည် ထားပြီးဖြစ်နိုင်ကြောင်း သို့သော် ဦးသိန်းစိန်အစိုးရက ပို၍ ပူးပေါင်းဆောင်ရွက်မှုများ လုပ်မည်၊ ပြုပြင်ပြောင်းလဲရေးများလုပ်မည်ဟု မျှော်လင့်၍ ၎င်းတို့ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို လျှော့ပေါ့၊ ဆိုင်းငံ့၊ ရုပ်သိမ်း ကြသည်ဟု နားလည်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြော သည်။
“အခုချိန်ထိ ကနေဒါ၊ အမေရိကန်၊ အီးယူတို့ တောင်းဆိုထားတဲ့ အချက်တွေကို တောင်းဆိုထားတာ တချက်မှ ပြည့်ပြည့်၀၀ ရရှိထားတာ မရှိသေးဘူး။ ဒါကိုတော့ သူတို့ သက်ဆိုင်ရာ နိုင်ငံတွေက သတိထားသင့်တယ်။ ဒီလို တောင်းဆိုထားတဲ့ အချက် တွေ ပြည့်ပြည့်၀၀ မရသေးဘဲနဲ့ Sanction ကို လျှော့ပေါ့လိုက်တယ်။ ဆိုင်းငံ့လိုက်တယ်။ ရုပ်သိမ်း လိုက်တယ်ဆိုတာ နည်း နည်းစောနေသေးတယ်လို့ ထင်တယ်”ဟု သူက ဆိုသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော် ကိုယ်စားလှယ် များသည် ယနေ့အထိ လွှတ်တော်သို့ မတက်ရောက်နိုင်သေးသည့် အခြေအနေများကိုလည်း သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ထောက်ထားသင့်ကြောင်း ကိုဘိုကြည်က ဆက်ပြောသည်။
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်မှု အခြေအနေများကြောင့် စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုမှလွဲ၍ ကျန်ပိတ်ဆို့ထားမှုများကို တနှစ် ဆိုင်းငံ့လိုက်ကြောင်း ဧပြီ ၂၃ ရက်နေ့က လူဇင်ဘတ်တွင် ကျင်းပသည့် ဥရောပ သမဂ္ဂ၏ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ် ကြေညာခဲ့သည်။
ကနေဒါနိုင်ငံကလည်း အလားတူ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုများကို ယာယီ ဆိုင်းငံ့လိုက်ပြီး ပို့ကုန်၊ သွင်းကုန်နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကန့်သတ်ချက် အများစုကို အတော်များများကို ယာယီရုပ်သိမ်းကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံက ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့ပြီး လူပုဂ္ဂိုလ် တဦးချင်းနှင့် အဖွဲ့အစည်း ဆိုင်ရာပိတ်ဆို့မှုများကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နော်ဝေနိုင်ငံ နှင့် သြစတြေးလျ နိုင်ငံများကလည်း မြန်မာအပေါ်ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို လျှော့ ချ ရုပ်သိမ်းမှုများ ပြုလုပ်ခဲ့သည်။
ဆက်စပ်သတင်း
အမေရိကန်အဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ တိုက်ရိုက် ငွေလွှဲနိုင်ပြီ