ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းကို လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်း ရုပ် သံ သတင်းဌာန Chanel 3 နှင့် ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
လာအို အာဏာပိုင်များက မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးရမိထားကြောင်း ထိုင်း အာဏာပိုင်များထံ အကြောင်းကြားခဲ့ သည့် အတွက် သွားရောက်စစ်ဆေးနေကြောင်း အဆိုပါ သတင်းဌာနများတွင် ရေးသားထားသည်။ နော်ခမ်းကို လက်ရ ဖမ်းဆီးမိခြင်းလော၊ အသေဖမ်းဆီး မိခြင်းလော ဆိုသည်မှာ မရှင်းလင်းသေးပေ။
မြန်မာနိုင်ငံ တာချီလိတ်မြို့မှ အစိုးရ အရာရှိတဦးကလည်း မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့ဝင် လေးဦးကို ယနေ့နံနက်ပိုင်းက လာအိုနိုင်ငံဘက်ခြမ်းတွင် ဖမ်းမိသည်ဟု သိရကြောင်း ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ရက်နေ့က မူးယစ်ရာဇာ နော်ခမ်းအား ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး(Office of the Narcotics Control Board – ONCB) က ဆုငွေ ထိုင်းဘတ် ၂ သန်း (ဒေါ်လာ ၆၄၀၀၀ ခန့်)ထုတ်ပြန်ထားသည်။
ထိုသို့ ဆုငွေထုတ်ပြီးနောက် နော်ခမ်း၏ အဖွဲ့ဝင် ၈ ဦးသည် မြန်မာအစိုးရထံသို့ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့သည် မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံ နယ်စပ်များ ထိစပ်နေသည့် ရွှေကြိဂံဒေသတွင် မူးယစ်ဆေးဝါး
ရောင်းဝယ်မှုများ ပြုလုပ်နေပြီး မဲခေါင်မြစ်အတွင်းရှိ ကုန်သင်္ဘောများနှင့် ခရီးသည်တင်ရေယာဉ်များကို စီးနင်းတိုက်ခိုက်ကာ ပြန်ပေးငွေ တောင်းခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မဲခေါင်မြစ်အတွင်းသွားလာနေသည့် တရုတ်ကုန်တင်သင်္ဘောကို ဝင်ရောက်စီးနင်းပြီး သင်္ဘောသားများအား သတ်ဖြတ်ခဲ့ရာတွင် မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့က ပြုလုပ်ကြောင်း ထိုင်းအာဏာပိုင်များ၏ စွပ်စွဲမှုများလည်း ထွက် ပေါ်ခဲ့သည်။
မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း၊ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးကုန်သွယ်မှုများနှင့် ထိုင်းနိုင်ငံက အလိုရှိနေသူများစာရင်းတွင် မူးယစ်ရာဇာနော်ခမ်းအပြင် မြန်မာနိုင်ငံသားများဖြစ် သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် နှင့် ယင်းဆေး တို့လည်း ပါဝင်သည်။
ဆက်စပ်သတင်း
ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းက ဆုငွေ ဘတ် ၁ သန်းထုတ်