မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးဒေသဝန်းကျင်ရှိ ရွှေတူးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ကျေးရွာများ ထိခိုက်နစ်နာရမှုများအကြောင်း သမ္မတထံ စာပေးပို့တင်ပြ တိုင်ကြားသူကို ဒေသခံအာဏာပိုင်များက ထိန်းသိမ်းထားပြီး တရားစွဲဆိုနေကြောင်း သတင်းရရှိသည်။
ပုဂ္ဂလိက ရွှေတူးဖော်ရေး လုပ်ငန်းတခုဖြစ်သည့် ရွှေမေမေ ကုမ္ပဏီက ချောင်းကိုပိတ်ပြီး ရွှေတူးဖော်နေမှုများကြောင့် ချောင်းကြီးရွာဝန်းကျင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်၍ အဆိုပါ လုပ်ငန်းများ ရပ်တန့်ပေးရန် ဦးသန်းအေးနှင့် ဒေသခံ ၃၀ ဦးတို့က သမ္မတထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ရွာခံတွေရဲ့ သဘောတူညီချက်မပါဘဲ ရွာသားတွေဆီက ငွေယူပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် တိုင်တယ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးမှာ အဟန့်အတားဖြစ်တယ်ဆိုပြီး ၈ ရက်နေ့က ဖမ်းသွားပြီး သပိတ်ကျင်းရဲစခန်းကို ပို့လိုက်တယ်။ ဖမ်းဝရမ်းလည်း မပါဘူး။ အခု ခြေချုပ်ပုဒ်မ ဆိုပြီး တပ်ပြီး သပိတ်ကျင်းမှာ တရားစွဲနေတယ်” ဟု ဇနီးဖြစ်သူ ဒေါ်လှဝင်းရီက ပြောသည်။
ဒေသခံများက ၎င်းတို့ ကိုယ်တိုင် ဦးသန်းအေးကို ဦးဆောင်စေ၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သော်လည်း အဆိုပါ ထွက်ဆိုချက်ကို ရုံးတော်က ပယ်ချခဲ့သည်ဟု သိရသည်။
“ကျနော်တို့ကို ဦးသန်းအေးက လိမ်လည်တာပါဆိုတာကို မြို့နယ်မှူးက ဝန်ခံလက်မှတ် ထိုးခိုင်းနေတယ်။ ကျနော်တို့က မထိုးခဲ့ဘူး။ တချို့ကလည်း ကြောက်လို့ ထိုးခဲ့ရတယ်။ ကျနော်တို့ကတော့ ဦးသန်းအေးကို အမြန်ဆုံး ပြန်လွတ်စေချင်ပါတယ်” ဟု ချောင်းကြီးရွာသားတဦးက ပြောသည်။
အမှုကိစ္စ လိုက်လံဆောင်ရွက်ပေးနေသော ရှေ့နေ ဦးမြင့်သွင်ကလည်း ဦးသန်းအေးအပေါ် တရားစွဲဆိုခြင်းမှာ ဥပဒေနှင့် မကိုက်ညီကြောင်း ဝေဖန်သည်။
“ရပ်ရွာအကျိုးအတွက် လုပ်တာကို ဒီလိုမျိုး တန်ပြန်တရားစွဲတာ၊ ပြီးတော့ ဒီခြေချုပ်ပုဒ်မဆိုတာက အိမ်ခြေယာမဲ့ ခိုးဆိုးလုယက်နေသူတွေကို စွဲတဲ့ ပုဒ်မမျိုး။ ဒါကို ဦးသန်းအေးလို ကိုယ်ပိုင်စီးပွားလုပ်ပြီး ကိုယ့်ဒေသ ရပ်ရွာကောင်းကျိုး လုပ်နေတာကို ဒီပုဒ်မကြီးတပ်ပြီး တရားစွဲတာမျိုးဟာ ဥပဒေနဲ့ မကိုက်ညီဘူး၊ ဒါမျိုး မဖြစ်သင့်ဘူး” ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
ချောင်းကြီးဒေသတွင် ရွှေတူးလုပ်ငန်းများကို ၂၀၀၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ရန် အီတာနယ် ကုမ္ပဏီကို ချထားပေးခဲ့ဖူးသည်ဟုဆိုသည်။ ထိုစဉ်က အီတာနယ်ကုမ္ပဏီမှ ချောင်းကိုပိတ်၍ ရွှေတူးဖော်မှုများပြုလုပ်ရာ မိုးကြီးချိန်တွင် ချောင်းရေအဆမတန် မြင့်တက်ကာ ချောင်းကြီးရွာမှ အိမ်ခြေ ၆၀ ကျော် ရေမျောပါခဲ့ပြီး လူ၇ ဦးသေဆုံးခဲ့ကြောင်း၊ နစ်နာကြေးနှင့် အကူအညီတစုံတရာ မရခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် ချောင်းပိတ်ဆို့ ရွှေတူးနေသည်ကို တားဆီးပေးရန် ဦးသန်းအေးက ဦးဆောင်၍ ဒေသခံများက တိုင်ကြားခဲ့သောကြောင့် အီတာနယ်ကုမ္ပဏီကို အာဏာပိုင်များက ရွှေတူးဖော်ခွင့် ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။ သို့သော် ယခုနှစ်ဆန်းပိုင်းက စတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့်ဆိုကာ ရွှေမေမေ ကုမ္ပဏီက ချောင်းကိုပိတ်၍ ရွှေတူးဖော်ရေးလုပ်ငန်းများ ထပ်မံလုပ်ဆောင်လာခြင်းကို မလိုလား၍ တိုင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အရင်တခါတုန်းကလည်း ဦးသန်းအေးကပဲ ဦးဆောင်တိုင်ပေးတာ အဆင်ပြေသွားလို့ အခုတခေါက်လည်း ကျနော်တို့ကို ဦးဆောင်တိုင်ပေးပါဆိုပြီး လုပ်ခဲ့တာပါ။ အခုက မိုးများလာခဲ့ရင် ၂၀၀၇ တုန်းကလို ဖြစ်လာမယ့် အန္တရာယ်တွေ ရှိနေလို့ ချောင်းကိုပိတ်ပြီး ရွှေတူးနေတာတွေ ရပ်စေချင်ပါတယ်” ဟု ဒေသခံတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မြစ်များ၊ ချောင်းများအတွင်းမှ သဲစုပ်ခြင်း၊ သဲတူးခြင်း၊ သဲကျုံးခြင်း၊ မြစ်ကျောက်ထုတ်ခြင်း၊ ရွှေကျင်ခြင်း၊ ရွှေသတ္တုတူးဖော်ခြင်း စသည့် ရေအောက် သယံဇာတများ အလွန်အကျွံ တူးဖော်ထုတ်ယူခြင်းကြောင့် မြစ်ကြောင်း ပြောင်းလဲခြင်း၊ မြစ်ကမ်းပါးပြိုခြင်း၊ မြစ်အတွင်း ရေနေသတ္တဝါများကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မြစ်ချောင်း သယံဇာတများ တူးဖော်ခြင်းနှင့် ပြန်လည် ပြုပြင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြဋ္ဌာန်းထားသော်လည်း လိုက်နာမှု နည်းပါးကြောင်းလည်း သိရှိရသည်။