ရာသီဥတု ပူပြင်း၍ သောက်ရေကန်များ ခမ်းခြောက်ကုန်သဖြင့် ရန်ကုန်တိုင်း သုံးခွနှင့် ဒလမြို့နယ်ရှိ ရွာပေါင်း ၅၀ ကျော်တွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

သုံးခွမြို့နယ် မုတ္တမ ပင်လယ်ကွေ့အနီးရှိ စစ်ကိုင်းစု၊ မဟာမိတ်၊ ဘုရားကြီးစသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၅၀ ခန့်မှဒေသ ခံများ သောက်သုံးရေ အခက်အခဲဖြစ်နေကြသည်ဟု သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဧရာဝတီကို ပြောသည်။
“သောက်ရေကန်တွေက လုံး၀ ခမ်းခြောက်သွားတာ။ တချို့ဆို လက်ယက်တွင်းလေးတွေ တူးပြီးတော့ ခပ်နေကြတယ်။ ရေတွေကလည်း နောက်ကျိ နေတာပဲ။ အဲဒီရေတွေကို ထိန်းပြီး သုံးနေကြရတယ်”ဟု သုံးခွ NLD အဖွဲ့ဝင်တဦးက ပြောသည်။
သုံးခွသို့ သတင်းသွားယူခဲ့သော ပြည်တွင်း ရွှေမြစ်မခ မီဒီယာမှ သတင်းထောက် ကျော်ဇင်မန်းကလည်း“ရေတွေက လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက တဖြည်းဖြည်း ခမ်းလာတာ။ တချို့ရွာတွေမှာ တကန် နှစ်ကန်လောက်တော့ ကျန်သေးတယ်။ အဲဒါကိုပဲ ကျန် တဲ့ ရွာတွေက စုခပ်နေကြရတယ်။ ဒါကြောင့် လက်ရှိမှာ သောက်ရေ အရေးတကြီး လိုအပ်နေတယ်”ဟု ပြောဆိုသည်။
ထို့အပြင် ဒလမြို့နယ်အတွင်းရှိ ထနောင်ရွာမ၊ ထနောင်ချောင်းဝအပါအဝင် အနီးဝန်းကျင် ကျေးရွာ ၅ ရွာခန့်တွင်လည်း သောက် သုံး ရေ ပြတ်လပ်နေကြောင်း ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ပြောပြသည်။
“ဒလဘက်မှာ သောက်ရေပြတ်နေလို့ သွားလှူပေးနေတယ်။ အဲဒီဘက်က အဝီစိတွင်းတူးတော့ ရေချို မထွက်ဘူး။ ရေငန်ပဲ ထွက် တယ်။ ရေချိုက မိုးရွာမှ ရတယ်။ နေပူလို့ ရေကန်တွေ ခမ်းတော့ သောက်စရာ ရေမရှိတော့ဘူး”ဟု သူက ဆိုသည်။
ဒေသခံများမှာ သောက်ရေအတွက် မိုးရာသီအတွင်းက မိုးရေများကို စုဆောင်းထားသောသောက်ရေကန်များကိုသာ မှီခိုကြရပြီးနွေ ရာသီ ပူပြင်းချိန်၌ ရေကန်များ ခမ်းခြောက်ပါက သောက်သုံးရေ အခက်ကြုံကြရခြင်း ဖြစ်သည်။
ဦးကျော်သူက ဆက်လက်ပြီး ရန်ကုန် နာရေးအသင်းအနေဖြင့် ဒလမြို့နယ်သို့ ယမန်နေ့က ရေဂါလန် ၄၅၀၀ ကို ကားများဖြင့် သွားရောက်လှူဒါန်းခဲ့ပြီး တပတ်လျှင် ၃ ရက် လှူဒါန်းသွားမည်ဟု ပြောသည်။
ဒလမြို့နယ်အတွက် ရန်ကုန်နာရေးအသင်းက အကူအညီပေးနေသကဲ့သို့ သုံးခွရှိ သောက်ရေ ခက်ခဲနေသည့် ကျေးရွာများအား သုံးခွ NLD၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)၊ သုံးခွ မြို့နယ်စည်ပင်နှင့် တသီးပုဂ္ဂလအလှူရှင်တချို့က သောက်သုံးရေများ ကူညီပေးနေကြောင်း သိရသည်။
သင်္ကြန်ကာလ ပြီးချိန်မှ စတင်ကာ မုတ္တမပင်လယ်ကမ်းစပ်အနီး တည်ရှိသည့် ကျေးရွာများအား တဘူးလျှင် ၃၅၀ ကျပ် တန်ဖိုးရှိ တလီတာဝင် ရေသန့်ဘူးများ ဝယ်ယူ လှူဒါန်းခဲ့ကြောင်းလည်း သုံးခွ NLD က ပြောသည်။
“နောက်ပိုင်းကျတော့ ရေသန့်ဘူးတန်ဖိုးက မြင့်တဲ့အတွက် စရိတ်မတတ်နိုင်တော့ဘူး။ အဲဒီတော့ သုံးခွမှာရှိနေတဲ့ နှစ်ပေါက် ကန်တွေထဲက ရေကိုတောင်းပြီး ကားခအလှူခံပြီးတော့ သွားလှူနေတယ်”ဟု သုံးခွ NLD အဖွဲ့ဝင်တဦးက ဆိုသည်။
သုံးခွ မြို့နယ်စည်ပင်သာယာရေး ကော်မတီက ရေဘောက်ဆာကားများဖြင့် သောက်ရေများ လိုက်လံပေးဝေနေပြီး ရန်ကုန်မြို့ မှ အလှူရှင်တချို့က သောက်ရေသန့်ဘူးများ လာရောက် လှူဒါန်းကြကြောင်းလည်း သူက ဆက်ပြောသည်။
သောက်ရေအခက်အခဲ ပြေလည်စေရန် အတွက် သုံးခွ NLD နှင့် ကြံ့ခိုင်ရေးပါတီတို့က စက်ရေတွင်းများ တူး၍ ကူညီပေးနေ ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သုံးခွမှ အနိုင်ရခဲ့သည့် NLD အမတ် ဒေါ်စုစုလွင် ဦးဆောင်၍ သာသာမြိုင် ကျေးရွာတွင် ကျပ် ၁၂ သိန်း ကုန်ကျသည့် စက်ရေတွင်းတတွင်း တူးဖော်ပေးခဲ့ပြီး လက်ရှိတွင် ဘိသိက်ကျေးရွာ၌ စက်ရေတွင်း တတွင်း ထပ်မံ တူးဖော် ပေးနေသည်။
ကြံ့ခိုင်ရေးပါတီကလည်း ယမန်နေ့ကစတင်ကာ မင်းရွာအသင်း ကျေးရွာတွင် စက်ရေတွင်း တတွင်း တူးဖော်ပေးနေသည်ဟု သုံးခွ NLD အဖွဲ့ဝင်က ပြောပြသည်။
မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီ အချိန်၌ ပဲခူး၊ ဒလ၊ သုံးခွ ဒေသများ အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ ၌ သောက်ရေကန်များ ခမ်းခြောက်ပြီး သောက်သုံးရေ ပြတ်လတ်မှုများ ဖြစ်ပွားလေ့ရှိသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် မြန်မာနိုင်ငံတွင်း ချင်းပြည်နယ်၌ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီ ဂရိတ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပျမ်းမျှထက် ၄ ဒီဂရီ စင်တီဂရိတ် အပူချိန် မြင့်တက်လာကြောင်း ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ်ကလည်း ဧပြီနှင့် မေလများတွင် မြန်မာနိုင်ငံတဝန်း အပူချိန် မြင့်တက်ပြီး မိုးရွာသွန်းမှုမရှိခြင်းကြောင့် ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းအပါအဝင် ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် နျင့် ရှမ်းပြည်နယ်များတွင် ရေ တွင်း ရေကန်များ ခမ်းခြောက်ကာ သောက်သုံးရေ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။