မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) များ ဆွဲဆောင်နိုင်ရန် ပထမဆုံး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေကို ယခုကျင်းပနေသည့် အမျိုးသားလွှတ်တော်တွင် ဧပြီလ ၂၄ ရက်နေ့က အတည်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
“ရင်းနှီးမြှုပ်နှံမှု ဥပဒေက အမျိုးသားလွှတ်တော်ကို စ တင်တယ်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ ပြည်သူ့လွှတ်တော်ကို ပို့တယ်။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အမျိုးသားလွှတ်တော်ကို ပို့လာတယ်။ အဲဒီအခါမှာ ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဧရာဝတီကို ပြောသည်။
ထို့ကြောင့် လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စု လွှတ်တော်သို့ တင်ရန်မလိုတော့ကြောင်း၊ နိုင်ငံတော် သမ္မတက လက်မှတ်ထိုးသည့် အချိန်မှစ၍ ဥပဒေအရ အသက်ဝင်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။
အဆိုပါ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြောင့် ပြည်တွင်း အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ နည်းပညာများ၊ သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ နိုင်ငံခြားငွေ စသည့် အခွင့်အလမ်းများ မြန်မာနိုင်ငံဘက်က ရရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း စီးပွားရေးဆောင်းပါးရှင် ခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။
ယခုကိစ္စ ဖြစ်ပေါ်လာရခြင်းသည် နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ လိုအပ်ချက်အပေါ် တောင်းဆိုမှု နှစ်ခုဖြစ်သည့် နိုင်ငံတကာ ငွေကြေးလဲလှယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာတို့ကို ဥပဒေတို့ကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်ပြီး မြန်မာဘက်က တာဝန်ကျေပြီဖြစ်ကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများအပိုင်းသာ ကျန်ရှိတော့ကြောင်း၊ တဖက်ကလည်း စီးပွားရေးပိတ်ဆို့ အရေးယူထားမှုနှင့်လည်း ဆက်စပ်နေကြောင်း ၎င်းကပြောသည်။
“ဒါပေမယ့် ဟိုဘက်က စီးပွားရေး ပိတ်ဆို့မှုတွေ တကယ်မရုပ်သိမ်းရင်ကတော့ လာပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ ခက်ပါတယ်” ဟု ဦးခင်မောင်ညိုက ဆိုသည်။
နိုင်ငံတကာ ငွေကြေးလဲလှယ်မှုနှင့် ပတ်သက်၍ စီမံမှုကိုသာ ထိန်းချုပ်ပြီး နှုန်းရှင်သတ်မှတ်ကာ အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၈၀၀ ဝန်းကျင်ဖြင့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံဗဟိုဘဏ်က ပုံမှန် ကြေညာပေးသည်။
ယခု အမျိုးသားလွှွတ်တော်က အတည်ပြုပေးလိုက်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေတွင် ကန့်သတ်ချက်နှင့် ခြွင်းချက်တချို့ ထည့်သွင်းထားသည်။
မြန်မာနိုင်ငံတွင်း ဂေဟစနစ်၊ လူမျိုး တခုချင်းစီ၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်စေသည့် လုပ်ငန်းများ၊ အများပြည်သူနှင့် ပတ်ဝန်းကျင် ထိခိုက်သည့်လုပ်ငန်း စသည်တို့ကို ကန့်သတ်ထားသော်လည်း နိုင်ငံတော်အကျိုးရှိသည်ဟု အစိုးရအဖွဲ့က သတ်မှတ်လျှင် တချို့လုပ်ငန်းများကို အစိုးရ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြုပ်နှံခွင့်ပေးနိုင်ကြောင်း ချွင်းချက်ရှိသည်ဟု သိရသည်။
ထို့အပြင် နိုင်ငံခြား ရင်းနှီးမြုပ်နှံလိုသူ နိုင်ငံခြားသားများ၊ ဧည့်နိုင်ငံသားများ၊ နိုင်ငံသား ပြုခွင့်ရထားသူများအနေဖြင့် နှစ်ပေါင်း ၅၀ အထိ နှစ်ရှည် မြေငှားရမ်း သုံးစွဲခွင့်ရှိခြင်း၊ နိုင်ငံခြားငွေ တရားဝင် ကိုင်တွယ်သုံးစွဲခွင့်၊ မတည်ရင်းနှီးခွင့်၊ လွွှဲပြောင်းခွင့်များ၊ ကုန်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စများ စသည်တို့ကို ခွင့်ပြုလိုက်ခြင်းသည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံလိုသူများကို အဓိက ဆွဲဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခု ဥပဒေသည် အခွန်ကင်းလွတ်ခွင့်လည်း ၅ နှစ် ပေးထားသည်။
အလုပ်သမားခန့်ထားမှုနှင့် ပတ်သက်၍ စည်းကမ်းချက် ၅ ချက်ရှိပြီး ရင်းနှီးမြှုပ်နှံသူက နိုင်ငံသား ကျွမ်းကျင်လုပ်သား ငှားရမ်းမှုကို ပထမ ၅ နှစ်အတွင် ၂၅ ရာခိုင်နှုန်း၊ ဒုတိယ ၅ နှစ်တွင် ၅၀ ရာခိုင်နှုန်း၊ တတိယ ၅ နှစ်တွင် ၇၅ ရာခိုင်နှုန်း လုပ်ငန်းများတွင် ခန့်ထားပြီးဖြစ်ရမည်ဟု ဖော်ပြထားကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
ယခင်က သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားမှုဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံလိုသူများကို ဖိတ်ခေါ်ရေးနှင့် စီမံဆောင်ရွက်ရေးတို့ကို ရင်းနှီးမြုပ်နံှမှုကော်မရှင်က အာမခံ ထိန်းချုပ်ထားသည်။ အဖွဲ့ဝင် ၁၆ ဦးပါ အဆိုပါကော်မရှင်က သွင်းကုန် ပို့ကုန် လိုင်စင်ချပေးခြင်း၊ နိုင်ငံခြားသား အလုပ်သမား ငှားရမ်းသုံးစွဲလျှင်လည်း မြန်မာနိုင်ငံသား အလုပ်သမားများကို အများစု ငှားရမ်းရန် စသည်များ သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ စသည့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် နိုင်ငံများက ဆိုင်းငံ့၊ ဖြေလျှော့မှုများ လုပ်ဆောင်ပေးခဲ့သည်။
အဆိုပါ ဥပဒေနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေတရပ် မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာပြီဖြစ်သော်လည်း မရေရာသေးသည့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုဆိုင်ရာ ရုပ်သိမ်း၊ ဆိုင်းငံ့၊ ဖြေလျှော့မှုများကြောင့် မျှော်လင့်ချက်များစွာ မထားနိုင်သေးကြောင်း ဦးခင်မောင်ညိုက ပြောသည်။
“ဥရောပကလည်း ၁ နှစ်ဆိုတော့ မရေမရာကြီးပါ။ ဆိုင်းငံ့ဆိုတဲ့အဓိပ္ပာယ်က ရှေ့ဆက်သွားမှာလား၊ သွားချင်သွားမယ်၊ မသွားချင် မသွားဘူးဆိုတဲ့ အဓိပ္ပာယ်။ အမှန်ကတော့ တနှစ်ပြီးရင်တော့ တိုးတက်မှုတွေ ရှိရင်တော့ ဆက်တော့ သွားမယ့်သဘောတော့ရှိတယ်။ အမေရိကန်ကလည်း NGO တို့၊ ဘာသာရေးတို့၊ ဘေးရန် အန္တရာယ်တို့ အဲဒါမျိုးတွေ ပါတယ်။ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေ မပါဘူး။ ထိထိရောက်ရောက်ကြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမယ်လို့တော့ မမျှော်လင့်ဘူး” ဟု ၎င်းက ဆိုသည်။