နိုင်ငံတကာငွေကြေး အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနှင့် အဆက်အသွယ်များ ပြန်လည်ပြုလုပ်၍ လာမည့် ဇွန် လ အတွင်း ရုံးပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ Pamela Coxက“ပုံမှန်ဆက်ဆံရေးအတွက် အကြွေးအမြီတွေ ဘယ် လောက် တင်နေလဲ၊ ဘယ်လောက်ပြန်လျှော်ရမယ် ဆိုတာတွေကို လေ့လာဖို့ ရုံးဖွင့်တာပါ”ဟု ဆိုသည်။
ထို့အပြင် ဖွံဖြိုးရေး အကူအညီများ၊ စီမံခန့်ခွဲမှုအပိုင်းနှင့် ရသုံးမှန်းခြေ ငွေစာရင်း စသည်တို့တွင် လေ့လာဆန်းစစ်သွားမည်ဖြစ် ကြောင်း Pamela Coxက ဆက်လက်ပြောဆိုသည်။
နိုင်ငံ့ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်သည့် အကြံဉာဏ်များနှင့် မြန်မာလုပ်သားများ၏ အရည်အသွေး ပိုမို မြင့် မားလာစေရေးအတွက် ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့ အမေရိကန်ဒေါ်လာ ၃၉၃ သန်း၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB)သို့ ဒေါ်လာသန်း ၅၀၀ ကြွေးမြီ ပေး ဆပ်ရမည်ဖြစ်ပြီး ထိုကြွေးကျန်များကို မပေးဆပ်သည့်အတွက် ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဘဏ်က အဆက်အသွယ်ဖြတ်ခဲ့သည်။
ဦးနေဝင်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် အစိုးရ လက်ထက်က ကမ္ဘာ့ဘဏ် အကူအညီဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ADB အကူအညီဖြင့် လမ်းများဖောက်လုပ်ခြင်း စသည့် စီမံကိန်းများကို ပြုလုပ်ခဲ့ဖူးသည်။
စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကလည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်ဆံရေးရုံး ပြန်လည်ဖွင့်လှစ်ခြင်းကို ကြိုဆို ကြောင်းပြောသည်။
“အခုလို ဆက်ဆံတာအရမ်းကောင်းတယ်၊ သူတို့ဆီက ချေးငွေက ပုံမှန်အတိုးနှုန်းထက် လျှော့ယူတဲ့ Soft Lone တွေဆိုတော့ တိုင်းပြည် တိုးတက်ရေးအတွက် ဆက်ဆံသင့်တယ်”ဟု ဦးမြင့်က ဆိုသည်။
ကမ္ဘာ့ဘဏ်၏ အဓိကအလှူရှင်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး မကြာသေးမီက မြန်မာနိုင်ငံအပေါ်ထားရှိသည့် ပိတ်ဆို့အရေးယူမှု တချို့ကို လျှော့ပေါ့ပေးခဲ့သေးသည်။ အလားတူ ဥရောပသမဂ္ဂ(EU)ကလည်း ပိတ်ဆို့အရေးယူမှုများကို တနှစ်ရုပ်သိမ်းပေးခဲ့သည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ အကူအညီဖြင့်လည်း မြန်မာ့ ငွေကြေး ရောင်းဝယ်ရေး နှုန်းထား ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည် ဖော် ခဲ့ပြီ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ပြီးခဲ့သည့် ရက်ပိုင်း သွားရောက်ခဲ့သော ဂျပန်နိုင်ငံခရီးစဉ်တွင်လည်း ကြွေးမြီ ဂျပန် ယန်း ၁၂၇.၄ ဘီလျံနှင့် နောက်ကျကြေး ၁၇၆.၁ ဘီလီယံ ကို လျှော် ပေးခဲ့သေးသည်။