သြစတြေးလျ လေဘာပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်နှင့် NLD လူငယ်ဖြစ်သည့် အဆိုတော်လင်းလင်းတို့ သြစတြေးလျနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“မနက်ဖြန် စပြီး ရန်ကုန်က ထွက်မယ်။ ဒီခရီးစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင်စေလွှတ်တာပါ။ သြစတြေးလျ လေဘာပါတီက ဖိတ်လို့ပါ။ စုစုပေါင်း ၄ ယောက်ပါ” ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
သြစတြေးလျသို့ ရောက်ရှိစဉ် ဆစ်ဒနီတက္ကသိုလ်တွင် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တခုကို ၅ ရက်ကြာ လေ့လာကြမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ လွှတ်တော်များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် သြစတြေးလျ လွှတ်တော်အမတ်များ၊ နိုင်ငံရေးသမားများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
NLD မှ လွှတ်တော်အမတ်တချို့ လွှတ်တော်တက်ရောက်ခြင်းမရှိဘဲ သြစတြေးလျနိုင်ငံ သွားရောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ လွှတ်တော်ရုံးသို့ တရားဝင် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
“အခုအခြေအနေမှာ ကျမ်းကျိန်လွှာ အခက်အခဲကြောင့် ကျနော်တို့ လွှတ်တော် မတက်နိုင်သေးဘူး။ ဒါပေမယ့်လည်း ခရီးသွားမယ့်သူတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်နေတော့ လွှတ်တော်ရုံးကိုတော့ တရားဝင် အကြောင်းကြားထားတယ်။ ကျနော်တို့ ခရီးသွားနေစဉ်မှာ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေလို့ တခြားအမတ်တွေ လွှတ်တော်တက်ကြမယ်ဆိုရင်လည်း ကျနော်တို့ ခရီးလွန်နေလို့ လွှတ်တော် မတက်နိုင်တဲ့အကြောင်း ပါတီကနေ တရားဝင်ခွင့်တိုင်ပေးမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်တဦးက နိုင်ငံရေးပါတီများအကြား ချစ်ကြည်ရေးရင်းနှီးမှုဆိုင်ရာ ခရီးစဉ်မျိုးဖြစ်ကြောင်း ပြောသည်။
“ဒါက ဟိုဘက်ပါတီက ဖိတ်တယ်။ ဒီဘက်က သွားတယ်။ ချစ်ကြည်ရေးပုံစံပါပဲ” ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီတချို့မှ ပါတီဝင်များနှင့် အမတ်တချို့လည်း ၂၀၁၁ ခုနှစ်အတွင်း ဖိတ်ကြားမှုများအရ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တရားဝင် သွားရောက်ခဲ့ကြသည်ဟု သိရှိရသည်။
NLD လွှတ်တော်အမတ်များ ဦးဆောင်သွားရောက်ကြမည့် သြစတြေးလျခရီးစဉ်သည် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။