ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည့် မြန်မာ နိုင်ငံသားများအတွက် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး ၅ နေရာ ဖွင့်လှစ်၍ ယခု လ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ပေးနေပြီ ဖြစ်သည်။
မြန်မာ အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ဘန်ကောက်၊ မဟာချိုင်း၊ စမွတ်ပရာကန်၊ စူရက်ဌာနီနှင့် ချင်းမိုင်မြို့များတွင် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ ထုတ်ပေးနေခြင်း ဖြစ်ကြောင်း ချင်းမိုင်မြို့ရှိ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတာ ဝန်ခံ ဦးတင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ တရားဝင်ဖြစ်စေခြင်းနှင့် အချိန်အားဖြင့် သက်သာစေရန် ရည်ရွယ် ချက်ဖြင့် နီးစပ်ရာ မြို့များ၌ ရုံးလာဖွင့်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အလုပ်သမားတွေ တရားဝင် လက်မှတ် ရှိပြီဆိုရင် အနှိမ်မခံရတော့ဘူး၊ ထိုင်း ဥပဒေနဲ့ ပတ်သက်တဲ့ ရပိုင်ခွင့်တွေတောင်းဆိုလို့ရ လာမယ်၊ နယ်စပ်မှာ သွားလုပ်စရာမလိုတော့ဘဲ အဆင်ပြေအောင် လာလုပ်ပေးတာ ဖြစ်တယ်”ဟု ဦးတင်မောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံသားများကို ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေး အထောက်အထားများ ထုတ်ပေးခြင်းနှင့် ထိုင်းလူဝင်မူကြီးကြပ်ရေး(လဝက) တို့က အသိအမှတ်ပြုပြီးသော အလုပ်သမားများကို နေထိုင်ခွင့် ဗီဇာ၂ နှစ် ထုတ်ပေးခြင်း များ ကို လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို အကူအညီပေးရန် လာရောက်ရုံးထိုင်သူများသည် လဝက အရာရှိများ ဖြစ်ပြီး တရုံးတွင် အဖွဲ့ဝင် ၈ ဦးခန့် လုပ်ဆောင်ပေးကြောင်း သိရသည်။
ယခု ထုတ်ပေးသည့် ယာယီနိုင်ငံကူး လက်မှတ်စာအုပ်မှာ ခရမ်းရောင်ဖြစ်ပြီး ကုန်ကျစရိတ် ဘတ်ငွေ ၅၅၀ ပေးဆောင်ရမည် ဖြစ်သည်။ ယခင် ထုတ်ပေးထားသော ယာယီ နိုင်ငံကူးလက်မှတ် စာအုပ်မှာ အနီရောင် ဖြစ်သည်။
တရားဝင် အလုပ်သမားများ၏ သားသမီးများနှင့် မိသားစုဝင် မှီခိုသူများအတွက် အစိမ်းနုရောင်ရှိ နိုင်ငံသား ဖြစ်ကြောင်း လက်မှတ် များကိုလည်း ထုတ်ပေးရန် စီစဉ်ထားပြီး လတ်တလော ထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
၂၀၀၅ ခုနှစ်မှ စတင်၍ ၂၀၀၉ နှစ် အထိ ထိုင်း-မြန်မာ နယ်စပ် ရနောင်း၊ မဲဆောက်၊ မယ်ဆိုင် စသည့် ဒေသများ၌ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံကူးလက်မှတ်ပေါင်း ၇၅၀၀၀၀ အထိ ထုတ်ပေးခဲ့ကြောင်း ယခုလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာ ဒု အလုပ်သမားဝန်ကြီး ဦးမြင့်သိန်းက ပြောကြားခဲ့သည်။
မြန်မာအလုပ်သမား ၇ သိန်းခွဲ ခန့်မှာ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရန်အတွက် နိုင်ငံသား စိစစ်ဆဲ ဖြစ်ပြီး အထောက် အထား မရှိသူ ၅ သိန်းခန့်သည်လည်း ယင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန်ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
“သေချာတာကတော့ ပြဿနာတွေ အများကြီး ရှိသေးတယ်၊ ဒီမှာ အလုပ်လုပ်နေတဲ့ လူတွေက ၂ သန်းလောက်ရှိတာကိုး အထောက် အထားနဲ့ တင်ပြနိုင်တဲ့ အလုပ်သမားတွေအတွက် ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းရတာ ပိုလွယ်တယ်၊ ဒါပေမယ့် အထောက်အထားမရှိတဲ့ အလုပ်သမားတွေကတော့ အခုအထိ အခက်အခဲတွေရှိနေဆဲပဲ”ဟု ဦးမြင့်သိန်းက ဆက်ပြောသည်။