၂၀၀၇ ခုနှစ်က သံဃာနှင့် ဒီမိုကရေစီလှုပ်ရှားသူများ အကြမ်းဖက်နိမ်နှင်းခံခဲ့ရသည့် ရွှေဝါရောင်တော်လှန်ရေး၏ မှတ်တမ်းတင် ဓာတ်ပုံ များကို အင်တာနက် စာဖတ်သူများအကြား ဖြန့်ဝေလေ့ရှိသည်မှာ မဆန်းပေ။
သို့သော် ယခုအပတ် တနင်္လာနေ့ကမှ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် တပ်မတော်သားကိုယ်စား လှယ် ၅၉ ဦးတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာများအား ဦးဆောင်နှိမ်နင်းခဲ့သူ တဦးဖြစ်သည့် ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ မှ ဗိုလ်မှူးကြီးတဦး ၏ ပုံကို လူမှုကွန်ရက် Facebook တွင် ဖြန့်ဝေလာရာ ရုတ်ချည်း ဆိုသကဲ့သို့ ပျံနှံ့သွားခဲ့သည်။
ယင်း ဗိုလ်မှူးကြီး ၏ လက်ရှိ လွှတ်တော်တွင်းဓာတ်ပုံ နှင့် ၂၀၀၇ ခုနှစ် ရန်ကုန်မြို့လယ် ဆူးလေ စေတီရှေ့တွင် အမိန့်ပေးပုံကို တွဲဆက်ထားပြီး ဖြန့်ဝေလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စစ်အရာရှိကြီးသည် ရွှေဝါရောင်တော်လှန်ရေးအတွင်း တပ်မ ၇၇ လက်အောက်တွင် ဒု ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေပြီး ဆက်သွယ်ရေးစက်ကို ကိုင်ကာ တပ်များကို အမိန့်ပေးနေသူတဦး ဖြစ်ခဲ့ကြောင်း ယင်းဓာတ်ပုံနှစ်ပုံက ပေါ်လွင်ထင်ရှားနေစေခဲ့ သည်။
ရန်ကုန်မြို့ရှိ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကို နှိမ်နင်းရန် စစ်အစိုးရဟောင်းက တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့ကို တာဝန်ပေးခဲ့ ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဆိုအရ သံဃာ အပါး ၃၀ မှ ၄၀၊ အရပ်သား ၅၀ မှ ၇၀ သေဆုံးဖွယ်ရှိကြောင်း နှင့် လူ ၂၀၀ ခန့် အရိုက်အနှက်ခံခဲ့ရကြောင်း သိရသည်။
ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ လည်း လမ်းပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။
ပြီးခဲ့သည့် တနင်္လာနေ့က ကျင်းပဆဲလွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ ပြောင်းလဲခန့်ထားရာတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၈ ဦး၊ ဗိုလ်မှူးကြီး ၁၄ ဦး၊ ဒု ဗိုလ်မှူးကြီး ၃၇ တို့ဖြင့် အစားထိုးခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ပါဝင်သည်။ ယင်း တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေး ဦးစီးချုပ် က တိုက်ရိုက် ခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။
Facebook စာမျက်နှာပေါ်တွင် အဆိုပါ ဗိုလ်မှူးကြီးနှင့် ပတ်သက်၍ ပြောဆိုဝေဖန်နေကြရာ သူဘယ်သူလဲဟု သိလိုနေကြသည်။
[pageviews]