မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံကြရန်နှင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Mr. Guido Westerwelle က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ယမန်နေ့ ညနေပိုင်းက တွေ့ဆုံအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“ဥရောပသမဂ္ဂအနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဆိုင်းငံ့လိုက်တာက ဒီမိုကရေစီအရေး ပြုပြင်ဖို့၊ တရားဥပဒေ စိုးမိုးမှုတွေရှိလာဖို့ တွန်းအားပေးတာပါပဲ။ နိုင်ငံတကာ စီးပွားရေး အသိုင်းဝိုင်းရဲ့ တစိတ်တဒေသဖြစ်တဲ့ ဂျာမနီ စီးပွားရေး အသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ” ဟု Mr. Guido Westerwelle က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ဂျာမနီ စီးပွားရေး အသိုင်းအဝိုင်းသာမက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက အဓိက အချက်နှစ်ချက်ကို လေ့လာရမည်ဟု ဆိုသည်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းအနေနဲ့ အချက်နှစ်ချက်ကို ကြည့်သင့်တယ်လို့ ထင်ပါတယ်။ ပထမအချက်ကတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေပါပဲ။ လွှတ်တော်ကနေ ရင်းနှီးမြှုပ်နှံမှုဥပဒေ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ဘာတွေပါလဲဆိုတာ ကျမတို့ အတိအကျ မသိသေးပါဘူး။ ရင်းနှီးမြှုပ်နှံမှု ဥပဒေတင် မဟုတ်ဘဲ ဥပဒေစိုးမိုးမှု ဘယ်လောက်ရှိသလဲ ဆိုတာကိုလည်း နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းအနေနဲ့ လေ့လာကြည့်ဖို့လည်း အရေးကြီးပါတယ်။ ဥပဒေတွေက ရှိသာရှိပြီး အကောင်အထည် မဖော်နိုင်ဘူး၊ မသက်ရောက်နိုင်ဘူးဆိုရင် လွတ်လပ်တဲ့၊ တရားမျှတဲ့ တရားစီရင်ရေးစနစ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဖြစ်ဖို့လည်း အထောက်အကူ မပြုနိုင်ပါဘူး။ ဒါက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ကျမတို့ရဲ့ ရပ်တည်ချက်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံသူများ၏ မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းလည်း ဆက်လက်ပြောသည်။
မြန်မာနိုင်ငံရှိ ဖြစ်ထွန်းနေသော ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံသည့်အနေနှင့် လာရောက်ခြင်းဖြစ်ပြီး ယင်းပြုပြင်ပြောင်းလဲများ နောက်ကြောင်းပြန်မလှည့်ပါဆိုသော အာမခံချက် မရရှိသေးကြောင်း၊ သို့သော်လည်း ဂျာမနီအနေနှင့် မြန်မာပြည်သူများအတွက် အဆင့်သင့်ရှိနေပြီး ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီးအပါအဝင် အခြေခံလိုအပ်ချက်နှင့် အဆောက်အအုံများကို ကူညီပေးသွားလိုကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ လာရောက်လာလည်းဖြစ်တယ်။ ဒါပေမယ့် ဒီစဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုတွေ ရှိပါမယ်လို့ အာမခံချက်မျိုးတော့ မရထားပေမယ့်လည်း မြန်မာပြည်သူတွေအတွက် ဂျာမနီက အဆင်သင့် ရှိနေကြောင်း ပြောချင်ပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသူတွေကို ကျနော်တို့ အပြည့်အ၀ ထောက်ခံပါတယ်။ မြန်မာပြည်သူတွေကို ကျနော်တို့ ဘယ်လိုကူညီနိုင်မလဲ ဆိုတာအပါအဝင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးကိစ္စ တော်တော်များများကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ရေ၊ မီးလို အခြေခံလိုအပ်ချက်ရှိနေတဲ့ ပြည်သူတွေကို ကျနော်တို့အနေနဲ့ ကူညီသွားဖို့ရှိပါတယ်” ဟု Mr.Guido Westerwelle က ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမနီနိုင်ငံသို့ လာရောက်လည်ပတ်ရန်လည်း ဖိတ်ကြားလိုက်ပြီး ယင်းဖိတ်ကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုကြောင်း၊ အနာဂတ်တွင် ဂျာမနီနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုသည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး၊ အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သက်ရင်း အက်ရှ်တန်တို့သည် ယခုဧပြီလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီးခြားစီ လာရောက်ခဲ့ကြသည်။ ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂရုံးကို ဧပြီလ ၂၈ ရက်နေ့က တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
[pageviews]