အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြည်သူများ၏ ဆန္ဒနှင့် တိုင်းရင်းသား မဟာမိတ်ပါတီများ၏ မေတ္တာရပ်ခံချက်အား အလေးထားသောအားဖြင့် ကျမ်းကျိန်လွှာကို ပြင်ဆင်ပေးခြင်း မရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အဖြစ် မေ၂ ရက်နေ့တွင် ကျမ်းကျိန်သွားမည်ဖြစ်ကြောင်း ယနေ့ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အစတုန်းကတော့ ကာကွယ်စောင့်ရှောက်မယ့်စကားလုံးကို လက်မခံဘူး၊ အခုဘာကြောင့် လက်ခံလဲဆိုတော့ လက်ခံရတဲ့အကြောင်း အရင်းက အကြမ်းဖျင်းကတော့ နံပါတ်တစ် ပြည်သူလူထုရဲ့ ဆန္ဒ၊ ကျမတို့ကို မဲဆန္ဒရှင်များက မဲပေးခဲ့တဲ့ ပြည်သူလူထု က ကျမတို့ လွှတ်တော်ထဲရောက်သွားတာကို အင်မတန်မှမြင်ချင်ကြတယ်။ ကျမတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တိုင်းရင်းသားတွေက လည်း အင်မတန်မှကို လိုလိုလားလားနဲ့ လွှတ်တော်ထဲကနေ အတူတကွ ပြောင်းလဲဖို့ လုပ်ဆောင်ချင်ပါတယ်ဆိုပြီးတော့ ပြော ထားတဲ့ မေတ္တာရပ်ခံချက်ကိုလည်း အလေးထားတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့စဉ် ရွေးကောက်ပွဲဥပဒေနှင့် နိုင်ငံရေးပါတီဥပဒေများ ပြင်ဆင်ရန် ပြောဆိုသည့်အခါ ကျမ်းကျိန်လွှာ ကိစ္စကို လစ်ဟင်းသွားခဲ့ကြောင်း၊ ယင်းသို့ လစ်ဟင်းမှုကို မိမိ တာဝန်ယူကြောင်း၊ လစ်ဟင်းမှုကြောင့် ပြည်သူများ၏ဆန္ဒနှင့်
တိုင်းရင်းသား မဟာမိတ်ပါတီများ၏ ဆန္ဒကို မထိပါးလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
“ကျမတို့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ဖို့ ဆွေးနွေးတုန်းက သမ္မတကြီးကနေ လိုက်လျောခဲ့တာကိုလည်း မမေ့ပါဘူး။ ပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲဥပေဒေတွေမှာ စာသားတွေပြင်ဖို့ပြောတုန်းက တချိန်တည်းမှာ ဇယားထဲမှာပါတဲ့ ကျမ်းကျိန်စာသားကိစ္စကို ကိုင်တွယ်ဖို့ ကျမအနေနဲ့ လစ်ဟင်းခဲ့ပါတယ်။ ဒါကို ကျမတာဝန်ယူတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လစ်ဟာချက်များစွာရှိနေပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ရှေ့နောက် မဆီလျော်ကြောင်း၊ ယင်း မဆီလျော်မှုများနှင့် ကျမ်းကျိန်လွှာ ပြင်ဆင်ရေးကို တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က“ထောက်ပြချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တခုနဲ့တခုမဆီလျှော်တဲ့စကားလုံးတွေ အများကြီး ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့စာကိုယ်ထဲမှာ သုံးထားတဲ့ အသုံးအနှုန်းတွေနဲ့ ဇယားထဲမှာ သုံးထားတဲ့ အသုံးအနှုန်းတွေ မတူပါဘူး။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်များ သုံးရတဲ့စကားလုံးနဲ့ သမ္မတကြီး ကျမ်းကျိန်တဲ့အခါမှာ သုံးရ တဲ့စကားလုံးတွေကလည်း မတူပါဘူး။ အဲဒါကြောင့်မို့လို့ ဥပဒေစိုးမိုးရေး သဘောတရားအရ ဥပဒေရဲ့ လုပ်ထုံး လုပ်နည်းအရ ပြင်ဆင် စရာတွေအများကြီးရှိတယ်ဆိုတာ ဥပဒေရှုထောင့်ကနေပြီးတော့ လေးလေးနက်နက်ပြောချင်ပါတယ်”ဟု ပြောဆို သည်။
NLD သည် ကျမ်းကျိန်လွှာကိစ္စကို နိုင်ငံရေးပြဿနာအဖြစ် တွန်းမပို့ဘဲ ဥပဒေပိုင်းဆိုင်ရာပြဿနာအဖြစ်သာ ကိုင်တွယ်ရှုမြင်ကြောင်း၊ ထို့အပြင် နိုင်ငံရေးသဘောထားကြီးစွာဖြင့် အပေးအယူလုပ်ခြင်းကိုလည်း လက်တွေ့ပြသသည့် အနေနှင့် ယခုကဲ့သို့ ကျမ်း ကျိန်လွှာကိစ္စကို အလျှော့ပေးခြင်းဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“နိုင်ငံရေးပြဿနာဖြစ်အောင် လုပ်နေတာမဟုတ်ဘူး။ ဥပဒေကိစ္စ တခုအနေနဲ့ ကိုင်တွယ်နေတာ ။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ကတော့ တင်းမာပြီးတော့ နိုင်ငံရေးပြဿနာဖြစ်အောင် မလုပ်စေချင်လို့ ဒီနေရာမှာ လိုက်လျောမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ ပါ။ တချို့က ဒါကိုအလျှော့ပေးတယ်လို့ မမြင်ဘူးလားဆိုတော့ အလျှော့ပေးတယ်လို့ မြင်ရင်လည်းမြင်နိုင်ပါတယ်။ ပြည်သူ့ဆန္ဒ ကို လည်း အလျှော့ပေးတယ်။ ကျမတို့ မဟာမိတ်တွေရဲ့ဆန္ဒကို ကျမတို့အလျှော့ ပေးတယ်။ ကျမတို့က တကယ်ပဲ ပြေလည်အောင် လုပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကိုလည်းပဲ လက်တွေ့ကျကျ ပြောဖို့လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
လွှတ်တော်အစည်းအဝေးများ ပြီးဆုံးပြီဖြစ်သော်လည်း လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်များ ကျမ်းကျိန်နိုင် ရေး အဆင်ပြေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မေ၂ ရက်နေ့တွင် ကျမ်းကျိန်မည်ဟု သိရှိရသည်။
NLD အမတ်နှင့် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကလည်း“မေလ၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အမတ်တွေ အားလုံး ကျမ်းကျိန်ကြပါမယ်”ဟု ပြောသည်။
ကျမ်းကျိန်လွှာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်”ဆိုသော အသုံးအနှုန်းအစား“လေးစား လိုက်နာ ပါမည်”ဟူသော စကားဖြင့် အစားထိုးပြောင်းလဲပေးရန် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD က သက်ဆိုင်ရာသို့ တင်ပြ တောင်းဆို ထားသည်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၅ နေရာ ရှိရာ NLD က ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ၄၃ နေရာ မဲ အပြတ် အသတ်ဖြင့် အနိုင် ရရှိခဲ့သည်။