၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ရန်ကုန်မြို့ရှိ X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုတွင် သံသယဖြင့် ဖမ်းဆီးခံထားရသည့် ကိုဖြိုးဝေအောင်သည် နာမကျန်းဖြစ်နေသောကြောင့် ဆေးကုသရန် အရေးတကြီး လိုအပ်နေကြောင်း သူ၏ မိသားစုက ပြောသည်။
“ခါးကျည်းပေါင်းတက် နေတာအပြင် အခုက အသည်းကြီးနေတယ်။ ပြီးတော့ အသည်းက အင်ဇိုင်းဓာတ်နှစ်ခုကလည်း တက်နေတယ်လို့ ပြောတယ်။ အဲဒါကြောင့် အခု ထိုင်ကို မထိုင်နိုင်ဘဲ မှောက်ခုံကြီးပဲ နေနေရတယ်။ အထူးကုနဲ့ ပြရမှာကို ကျမတို့ စာတွေ တင်ထားပေမယ့် အခုအထိ ထောင်ထဲကိုလည်း ဆရာဝန် ခေါ်မပြပေးဘူး၊ အပြင်ထွက် ဆေးကုခွင့်လည်း မပေးသေးဘူး။ ထောင်ပိုင်ကလည်း ဒီကိစ္စကို မပြောနိုင်ဘူးလို့ ပြောနေတယ်” ဟု ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေးက ပြောသည်။
ထိုသို့ဖြစ်နေသည်မှာ တလနီးပါးကြာပြီဖြစ်ပြီး ထောင်အာဏာပိုင်များထံ တင်ပြသော်လည်း ထောင်တွင်းဆရာဝန်နှင့်သာ ကုသပေးနေသောကြောင့် မိသားစုအနေဖြင့် ပြင်ပဆေးရုံတွင် အထူးကုဆရာဝန်များနှင့် ကုသလိုသည်ဟု သူကဆိုသည်။
“ပြီးခဲ့တဲ့ ၁၈ ရက်နေ့က အပြင်ဆေးရုံက ဆရာဝန်က အယ်လ်ထရာဆောင်း (Ultrasound) လာရိုက်တာမှာ ထောင်ဆေးရုံက အယ်လ်ထရာဆောင်းစက်က မကောင်းလို့ ဒီလူနာအတွက် အဖြေသေချာ မပေးနိုင်ဘူးဖြစ်နေတော့ ကုသမှု မှားမှာစိုးတယ်တဲ့။ အသည်းမှာ အနာလိုလို အကြိတ်လိုလိုတော့ တွေ့နေတယ်လို့ ဆရာဝန်က ပြောသွားတယ်တဲ့။ ပြီးတော့ အပြင်လုံး၀ ထုတ်လို့မရဘူးဆိုတာ ဒီလူနာလားလို့ ဆရာဝန်က မေးတယ်လို့ ကိုဖြိုးဝေအောင်က ပြောပြတယ်” ဟု ဇနီးဖြစ်သူက ပြောသည်။
ဧပြီ ၂၆ ရက်နေ့က ရုံးချိန်းထွက်ချိန်တွင်လည်း မကျန်းမာသောကြောင့် တရားသူကြီး၏ ခွင့်ပြုချက်ဖြင့် တခြားအခန်းတခုတွင် လှဲလျောင်းနေခဲ့ရသည်ဟု သိရသည်။
ကိုဖြိုးဝေအောင်၏ အမှုကို လာမည့် မေလ ၈ ရက်နေ့တွင် အပြီးသတ် စီရင်ချက်ချမည်ဟု သိရကြောင်း၊ ဆေးကုသခွင့်မရဘဲ အမှုစီရင်ချက်ချ၍ နယ်ဝေးထောင်များသို့ ပို့လိုက်မည်ကို စိုးရိမ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။
လူ ၁၀ ဦးကျော် သေဆုံး၍ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သော X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဆိုသည့် သံသယဖြင့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင်ကို ထိန်းသိမ်းထားခဲ့ပြီး အင်းစိန်ထောင်တွင်း တရားရုံးတွင် လူသေစေမှု၊ ဖောက်ခွဲမှု စသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန်