တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး အဖွဲ့ကို ဒု သမ္မတ တဦး က ဦးဆောင်၍ အသစ်ပြန်လည် ဖွဲ့စည်းသွားမည်ဟု သိရသည်။
“ငြိမ်းချမ်းရေးအဖွဲ့သစ်ကို ဒု သမ္မတ တဦး က ဦးဆောင်သွားမှာပါ၊ ဝန်ကြီးတွေလည်းပါမယ်၊ အဖွဲ့ဝင်တွေ အမည်ကို တရား
ဝင်ကြေညာသွားဖို့ ရှိပါတယ်၊ မကြာမီဖွဲ့စည်းသွားမှာပါ”ဟု မီးရထားဝန်ကြီး ဦးအောင်မင်း၏ ပြောခွင့်ရသူ ဦးစိုးမိုးအောင် က ဧရာဝတီ ကို ပြောသည်။
ဒု သမ္မတ နှစ်ဦးအနက် စစ်တပ်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ထားသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင် ရေး ပါတီ) ကိုယ်စားလှယ် ဦးတင်အောင်မြင့်ဦးနှင့် ကြံ့ခိုင်ရေးပါတီမှ ရှမ်းပြည်နယ်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရသူ ဒေါက်တာ စိုင်းမောက်ခမ်းတို့ နှစ်ဦး ရှိသော်လည်း အတိအကျ ပြောဆိုခြင်း မရှိပေ။
အသစ်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေးအဖွဲ့၌ ဒု သမ္မတ နှင့်အစိုးရအဖွဲ့ဝန်ကြီးများ အပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်တပ် အရာရှိ များ၊ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖွဲ့စည်းရခြင်းမှာ လက်နက် ကိုင်တပ်ဖွဲ့များနှင့်ဆွေးနွေးရာ၌ အဖွဲ့တခုတည်းအနေဖြင့် ဆွေးနွေးလိုသည့်အတွက်ဟု ဝန်ကြီး ဦးအောင်မင်း က မီဒီယာများနှင့်နေပြည်တော်၌ ယမန်နေ့က တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဦးအောင်မင်းခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ဟူ၍ နှစ်ဖွဲ့ရှိပြီး ယင်းအဖွဲ့များတွင် ဝန်ကြီးများ၊ ကြံ့ခိုင်ရေး ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်များ၊ စစ်တပ် အရာ ရှိများ၊ စစ်တပ် အငြိမ်းစားပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် NGO အဖွဲ့တချို့မှ ပုဂ္ဂိုလ်များဖြင့် ဦးသိန်းစိန် အစိုးရလက်ထက်၌ ဖွဲ့စည်းထားသည်။ အဖွဲ့သစ်၌ အဖွဲ့ဝင်ဟောင်းများ ပါမပါကိုမူ မသိရသေးပေ။
ဦးအောင်မင်း ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဖွဲ့အစည်းအများစုနှင့်ဆွေးနွေး၍ အပတ်အခတ်ရပ်စဲရေးသဘောတူညီမှု ရယူနိုင် ခဲ့ပြီး၊ ဦးအောင်သောင်း သည် KIA ၊ DKBA အဖွဲ့များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့ နှစ်ဦး အနက် သဘောထား ပျော့ပြောင်းသည့် ဦးအောင်မင်း ကို ပိုမို သဘောကျကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အား တခုတည်းအဖြစ်ထားရှိရေးကို တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ် ကောင်စီ(NUFC) ကလည်း တောင်းဆိုခဲ့ကြောင်း၊ အဖွဲ့ နှစ်ဖွဲ့ ထားရှိသည့်အတွက် လုပ်ပိုင်ခွင့် အာဏာ ကွဲပြားမှုနှင့် ပတ်သက် ၍ ဦးအောင်မင်းကို မေးမြန်းခဲ့ကြောင်း UNFC ၏ အတွင်းရေးမှူး နိုင်ဟံသာ က ဧရာဝတီ ကို ပြောသည်။
“လုပ်ပိုင်ခွင့် အာဏာကတော့ အတူတူပါပဲ၊ လက်နက်ကိုင်တပ်တွေ များတာရယ်၊ နောက်တခုက နီးစပ်ရာ၊ နီးစပ်ရာတွေ ရှိတဲ့ အတွက် အဖွဲ့ခွဲ လုပ်တာလို့ ဦးအောင်မင်း က ဖြေဆိုခဲ့ပါတယ်၊ ဒု သမ္မတ တဦးပါမယ်ဆိုတော့ ဒေါက်တာ စိုင်းမောက်ခမ်း ဆိုရင် ပိုကောင်းပါလိမ့်မယ်”ဟု မွန်ပြည်သစ်ပါတီ၏ အတွင်းရေးမှူးလည်း ဖြစ်သူ နိုင်ဟံသာ က ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်ပြီးကြောင်း၊ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော်(KIA) တဖွဲ့သာ ကျန်ရှိတော့ကြောင်း ဦးအောင်မင်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံးအစည်းအရုံး(KNU) အပါအဝင် မွန်၊ ရခိုင်၊ ချင်း၊ ကရင်နီ၊ ရှမ်း စသည့် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှု ပဏာမအဆင့် ပြီးစီးထားပြီး ဖြစ်သည်။
ဦးအောင်သောင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ နှင့် KIA အဖွဲ့ တို့သည် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သုံးကြိမ်တိုင်ဆွေးနွေး ခဲ့သော်လည်း အောင်မြင်မှုမရရှိသေးဘဲ တိုက်ပွဲငယ်များ နေ့စဉ် ဖြစ်ပွားနေပြီး KIA ဗဟိုဌာနများ အခြေစိုက်ရာ ပန်ဝါ၊ လိုင်ဇာ စသည့် ဒေသတို့ကိုလည်း အစိုးရစစ်တပ်မှ ဝန်းရံထားကာ စစ်ရေးတင်းမာမှုများရှိနေကြောင်း KIA ပြောခွင့်ရသူ ဦးလာနန် က ဧရာဝတီ ကို ပြောသည်။
“အစိုးရဘက်က စစ်အင်အားတိုးချဲ့လာတဲ့အတွက် ကျနော်တို့ဘက်ကလည်းပဲ စစ်ရေး တပ်လှန့်မှု လုပ်ထားတယ်”ဟု ဦးလာ နန် က ဆိုသည်။ ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးရန် အစိုးရထံ ကမ်းလှမ်းထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်ကမူ KIA တပ်များအား ထိုးစစ်ဆင်ခြင်း၊ စတင်တိုက်ခိုက်ခြင်းတို့ကို မလုပ်ဆောင်ရန်ပြောဆို၍ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့်တိုင် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို သံသယဖြစ်မိကြောင်း နိုင်ဟံသာ က ဆိုသည်။
၎င်းက“တဘက်က နိုင်ငံရေးအရ စိတ်ဓာတ် စစ်ဆင်ရေးလုပ်နေပြီး တဘက်က တိုက်ခိုက်နေတာဟာ စစ်ရေးအရ အသာစီး ရအောင် လုပ်နေတယ်လို့ ယူဆပါတယ်”ဟု ဆိုသည်။
ငြိမ်းချမ်းရေးအဖွဲ့အား ပြောင်းလဲပြင်ဆင် ဖွဲ့စည်းသကဲ့သို့ အစိုးရအဖွဲ့တွင်လည်း သဘောထားတင်းမာသည့် ဝန်ကြီးတချို့အပြောင်း အလဲလုပ်မည်ဟု သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ယမန်နေ့က သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက မေးမြန်းရာ ဒီမိုကရေစီ သဘောတရား၌ အပြောင်းအလဲများ လုပ်ဆောင်လေ့ရှိကြောင်း စက်မှုဝန်ကြီး ဦးစိုးသိန်းက ဖြေ ဆိုခဲ့သည်။
လက်ရှိအစိုးရအဖွဲ့၌ သဘောထားတင်းမာသည်ဟု လူသိများသည့် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ အားကစားနှင့် ဟိုတယ်ဝန်ကြီး ဦးတင့်ဆန်းနှင့် စီးပွား ကူသန်း ဝန်ကြီး ဦးဝင်မြင့်တို့ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဦးအောင်မင်း၊ ဦးစိုးသိန်း နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီတို့ တက်ရောက်ကြသည်။
ဆက်စပ်သတင်း