ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်မှုအောက်ရှိ ခနောက်စိမ်းတူးဖော်ရေး လုပ်ငန်းအချို့ကို ဒေသခံတို့၏ တောင်းဆိုမှုဖြင့် ဧပြီလကုန်တွင် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း KNU တာဝန်ရှိသူများက ပြောသည်။
KNU ထံ အခွန်ဆောင်၍ ဖာပွန်နှင့် မွန်ပြည်နယ် သထုံခရိုင်အကြား၌ တူးဖော်နေသော ခနောက်စိမ်းလုပ်ငန်းများကြောင့် ဒေသခံတို့၏ စိုက်ပျိုးခြံများ ထိခိုက်ပျက်စီးမှုများ ဖြစ်သည်ဟုဆိုကာ၊ ကာယကံရှင် တောင်သူလယ်သမားများက တိုင်ကြားလာသဖြင့် ရပ်ဆိုင်းရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း KNU တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဆိုသည်။
“လူထုတွေအတွက်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာဖြစ်မယ့် နေရာတွေကို ပိတ်ပေးရမှာပါ။ လူထုတွေက တောင်းဆိုလာလို့ ပိတ်တာ ဒါပထမဆုံးတော့ မဟုတ်ဘူး။ အရင်ကလည်း ရွှေတွင်းတော်တော်များများ ပိတ်ပေးခဲ့တာပဲ” ဟု ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောသည်။
KNU ထိန်းချုပ်မှုအောက်ရှိ တပ်မဟာ ၇ ခုထဲမှ တပ်မဟာ ၁ တွင် ခနောက်စိမ်း၊ ၂ နှင့် ၃ တို့တွင် ရွှေထွက်ရှိပြီး၊ ၄ တွင် ကျောက်မီးသွေး၊ ၅ တွင် ခနောက်စိမ်းနှင့် ရွှေ၊ ၆ တွင် ခနောက်စိမ်းနှင့် ၇ တွင် သွပ် အမျိုးအစားများ ထွက်ရှိကြောင်း KNU သတ္ထုတွင်းဌာနနီးစပ်သူများနှင့် ထိုနေရာများကို လေ့လာနေသော သဘာဝ ပတ်ဝန်းကျင်အဖွဲ့များထံမှ ဧရာဝတီက စုံစမ်းသိရှိရသည်။
လတ်တလောတွင် တပ်မဟာ ၆ ဒူးပလာယာခရိုင်တွင် ခနောက်စိမ်း ထုတ်လုပ်မှုနှင့် ရှာဖွေမှု အများဆုံး ပြုလုပ်နေသကဲ့သို့ ညောင်လေးပင်ခရိုင်အတွင်းရှိ တပ်မဟာ ၃ နယ်မြေတွင်လည်း ရွှေတူးဖော်ရေးလုပ်ငန်းများ အများဆုံး ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
ဓာတ်သတ္ထု တူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေး၊ လုပ်ကိုင်ဆောင်ရွက်ရေးများနှင့် ပတ်သက်၍ သက်ဆိုင်ရာခရိုင်များကို လုပ်ပိုင်ခွင့်များ အပြည့်အဝ ပေးထားပြီးဖြစ်ကြောင်း KNU သတ္ထုတွင်းဌာန အကြီးအကဲ ဗိုလ်မှူးစိုးစိုးက ဧရာဝတီသို့ ပြောသည်။
KNU လက်အောက်ခရိုင် ၇ ခုရှိ ဓာတ်သတ္တုတူးဖေါ်ရေး လုပ်ငန်းများနှင့် တခြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် မျက်စိကျနေကြပြီး မကြာသေးမီက KNU နှင့်အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်မှုအပေါ် အကြောင်းပြုကာ စီးပွားရေးလုပ်ငန်းရှင် တချို့က ချဉ်းကပ်မှုများပြုလုပ်နေကြောင်း ကရင်ပြည်နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်သူများက ပြောသည်။
“KNU ငြိမ်းချမ်းရေးလုပ်တဲ့ အခါမှာ မြန်မာအစိုးရဘက်က ကုန်ကျစရိတ် လုံးဝမခံဘူး။ ဒီနေရာတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတွေက ကြားကနေ အကုန်ကျခံတယ်။ အဲဒီကနေမှ လုပ်ငန်းတွေလုပ်ခွင့်ရအောင် သူတို့ပြန်ကြိုးစားတယ်” ဟု သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။
သတ္ထုတွင်း တူးဖော်ရေးလုပ်ငန်းများသည် KNU ၏ အဓိက ဝင်ငွေလမ်းကြောင်းများထဲမှ တခုအပါအဝင်ဖြစ်သကဲ့သို့ ထိန်းချုပ်နယ်မြေများအတွင်း ကုန်သွယ်ဖြတ်သန်းခွန်များ၊ အဝေးရောက် ကရင်တိုင်းရင်းသားများ၏ ထောက်ပံ့လှူငွေများ၊ နယ်မြေတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှရရှိသော ဝင်ငွေများကလည်း KNU ၏ ဘဏ္ဍာငွေဝင်လမ်းများဖြစ်သည်။
ထို့အတူ ၁၉၉၅ မာနယ်ပလော မကျဆုံးမီနှင့် နောက်ပိုင်း ကာလများတွင် နယ်မြေတွင်းမှ ထွက်ရှိသော သစ်ရောင်းချမှုများမှ ရရှိသည့် ဝင်ငွေသည်လည်း KNU ၏ ဘဏ္ဍာငွေအဖြစ် သုံးစွဲနေရဆဲဖြစ်ကြောင်း ဗိုလ်မှူး စောလှငွေက ပြောသည်။
ထိုင်းနိုင်ငံသို့ သွယ်တန်းထားသော မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ ဒေသရှိ ရတနာရဲတံခွန် ဓာတ်ငွေ့ပိုက်လိုင်းနှင့် တည်ဆောက်နေဆဲ ထားဝယ်ရေနက် ဆိပ်ကမ်းတို့မှလည်း နယ်မြေထိခိုက်ပျက်စီးမှုများအဖြစ် လျော်ကြေးငွေတချို့ ရရှိနေသည့်အပြင် သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းကလည်း အခွန်ငွေရရှိကြောင်း ကရင်ပြည်နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်သူများထံမှ သိရသည်။
ယင်းသို့ KNU အောက်ရှိ ခရိုင် ၇ ခုအနက်မှ ရရှိသော အဆိုပါဝင်ငွေများကို ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် မဟုတ်ဘဲ အောက်ခြေခရိုင်များက လက်နက်ခဲယမ်းနှင့် စားဝတ်နေရေး တပ်အသုံးစားရိတ်အတွက် ၆၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ကျန် ၄၀ ရာခိုင်နှုန်းကို KNU ဗဟိုသို့ လစဉ်ပေးပို့ကြောင်း သိရသည်။
KNU ဗဟိုကလည်း ယင်းသို့ရရှိသော ဝင်ငွေများသည် တနှစ်လျှင် အနည်းဆုံး ဘတ်ငွေ သိန်း ၄၀ ကျော်၊ မြန်မာကျပ်ငွေ သိန်း ၁၅၀၀ ကျော်ရှိကြောင်းနှင့် အဆိုပါ ဘဏ္ဍာငွေများကို ဗဟိုက စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုယန္တယား တချို့နေရာများတွင် အသုံးပြုကြောင်း ဗိုလ်မှူး စောလှငွေက ပြောသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော်တိုင် အစိုးရကို လက်နက်စွဲကိုင် တော်လှန်လာခဲ့သော KNU သည် မကြာသေးမီက အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် KNU ထိန်းချုပ်နယ်မြေအတွင်း၌ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီးပွားရေးသများများက ချဉ်းကပ်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ကြသည်။
သို့သော်လည်း KNU အနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း အပါအဝင် ၎င်းတို့ ထိန်းချုပ်မှုနယ်မြေအောက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ကိုင်ဆောင်ရွက်မှု၊ စီမံကိန်းများ လုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထု ထိခိုက်နစ်နာမှုရှိစေမည့် လုပ်ငန်းများကို ခွင့်ပြုပေးသွားမည်မဟုတ်ဟု ဆိုသည်။