အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးစဉ် သေဆုံးသွားရသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်အမှုကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က စုံစမ်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ တိုက်ရိုက် တင်ပြမည် ဖြစ်ကြောင်း သိရသည်။
မနန်းဝိုးဖန် အမှုကို လွှတ်တော်ဥက္ကဋ္ဌထံသို့ တိုက်ရိုက် အသိပေးတိုင်ကြားမည်ဖြစ်ပြီး လွှတ်တော်တွင် တင်ပြမည်မဟုတ်ဟု လည်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
“လွှတ်တော်ထဲမှာ အဆို၊ မေးခွန်းတင်တာမျိုးမလုပ်တော့ဘူး။ လွှတ်တော်ကလည်း ပြီးကာနီးနေပြီဆိုတော့ လွှတ်တော်ဥက္ကဋ္ဌကိုပဲ တိုက်ရိုက်တင်လိုက်မှာပါ” ဟု ဦးဖုန်းမြင့်အောင် ကရှင်းပြသည်။
မနန်းဝိုးဖန်၏ မိသားစုဝင်များကလည်း အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဥပဒေနှင့် ညီညွတ်ရန်၊ အဖြစ်မှန် ပေါ်ပေါက်ရန် တို့ကို လိုလားကြကြောင်း သိရသည်။
“မနန်းဝိုးဖန် ခင်ပွန်း ဂျပန်ရော၊ မိသားစုဝင်တွေကရော ဦးဖုန်းမြင့်အောင်ဆီကို သူတို့ရဲ့တိုင်စာတွေ တင်ပြကြတယ်။ ဦးဖုန်းမြင့် အောင် ကလည်း သူစုံစမ်းထားသလောက် ဥပဒေနဲ့ညီ၊ မညီဆိုတာတွေကိုစာရေးပြီး လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြမယ်လို့ ပြောတယ်။ အဓိကက ဒီကိစ္စက ဥပဒေနဲ့ညီ၊ မညီဆိုတာ အဓိကပါပဲ။ ဘာကြောင့် သေသလဲ၊ ဘယ်လို သေခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ အဖြစ် မှန်တွေ ပေါ်ပေါက်ဖို့ပဲ မိသားစုဝင်တွေက လိုလားကြတာ”ဟု မနန်းဝိုးဖန်၏ မိသားစုဝင် တဦးက ဧရာဝတီသို့ ပြောသည်။
မနန်းဝိုးဖန်သေဆုံးမှုနှင့်ပတ်သက်ပြီး စသုံးလုံး ဌာနကို အမှုဖွင့်ရန် ကြိုးစားခဲ့ကြသော်လည်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လက်ခံခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲမိုတိုဟိကိုနှင့် ပေါင်းသင်းနေထိုင်သူ မနန်းဝိုးဖန်က ဂျပန်နိုင်ငံသား၏ ပိုင်ဆိုင်မှုငွေကြေးများနှင့် အမည်ခံ ဝယ်ယူထားသော မြေကွက်များကိစ္စနှင့် စပ်လျဉ်းပြီး မနန်းဝိုးဖန်ကို စသုံးလုံးက ခေါ်ယူစစ်မေးစဉ် ဥပဒေမဲ့ စစ်ဆေးမှုများကြောင့် သေဆုံးရသည်ဟု ဆိုကာ မနန်းဝိုးဖန်၏ မိသားစုဝင်များက စွပ်စွဲပြောဆိုနေကြသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ဧရာဝတီက စသုံးလုံးကို ဆက်သွယ်ခဲ့ရာ တရားဝင်ဖြေကြားမည့်သူမရှိဟုသာ ပြန်လည်ပြောဆို ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနကလည်း မနန်းဝိုးဖန်အမှုကို အထူးခုံရုံးဖွဲ့စစ်ဆေးနေသော်လည်း စုံစမ်းစစ်ဆေးမှုများနှင့်ပတ်သက်ပြီး
မီဒီယာများသို့ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မနန်းဝိုးဖန်သည် ရှမ်းတိုင်းရင်းသူတဦးဖြစ်ပြီး ဗမာစကား ကျွမ်းကျင်စွာတတ်မြောက်ခြင်းမရှိဘဲ သေဆုံးချိန်တွင် အသက် ၂၀ ခန့် သာရှိသေးကာ ၎င်း၏ဈာပနအခမ်းအနားကို မတ်လ ၃၀ ရက်နေ့က ထိန်ပင် သုသာန်တွင် ကျင်းပသဂြုႋဟ်ခဲ့ကြောင်း သိရှိရသည်။
မနန်းဝိုးဖန်နှင့် ရှေ့နေဖြစ်သူ မအိအိအောင်ကို မတ်လ၂၁ ရက်နေ့က စသုံးလုံးရုံးရှိရာ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ၅ ထပ် အဆောက်အအုံတွင် နေအိမ်သို့ ပြန်ခွင့်မပြုဘဲ ၃ ရက်တိတိ ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
မတ်လ၂၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မနန်းဝိုးဖန်သည် ခေါ်ယူစစ်ဆေးနေသော ၅ ထပ် စသုံးလုံး အဆောက်အအုံပေါ်မှ ရုတ် တရက် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်စပ်သတင်း
- မနန်းဝိုးဖန်အမှု တိုင်ကြားချက် ရဲလက်မခံ
- စစ်ဆေးရင်း သေဆုံးခဲ့သည့် အမျိုးသမီးငယ်အမှု စသုံးလုံး လျှို့ဝှက်
- စသုံးလုံး စစ်ရင်း သေဆုံးသွားသူအမှု သတင်းစာရှင်းလင်းပွဲလုပ်