သတင်း

စီးပွားကြပ်တံငါသည်များ သမ္မတထံ ငါးဖမ်းခွင့်တောင်းဆို

This article has been converted from Zawgyi One to Unicode

မျိုးရိုးစဉ်ဆက် ငါးဖမ်းခဲ့သည့်အင်းကြီးတွင် ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် ဧရာဝတီတိုင်း ကျုံပျော် မြို့နယ်အတွင်းရှိ တံငါသည် ၂၆၂ ဦးက နိုင်ငံတော်သမ္မတထံ ယမန်နေ့က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြသည်။

မြစ်ဝကျွန်းပေါ်က ဒေသခံ တံငါသည်များ ငါးဖမ်းခွင့်မရတော့လျှင် နေ့စဉ်လူမှု စီးပွား ပိုကြပ်တည်းလာရုံသာ (ဓာတ်ပုံ - ActionAid Myanmar)

အကျယ် ၅ မိုင်ပတ်လည်ခန့်ရှိသည့် ရှားခဲအင်းကြီးအား ပုဂ္ဂလိက စီးပွားရေးသမားများက လေလံဆွဲ လုပ်ကိုင်ခဲ့ချိန်မှစ၍ ဒေသခံ တံငါသည်များ ငါးဖမ်းခွင့်မရတော့ဘဲ စီးပွားရေး ကြပ်တည်းလာနေသဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် တောင်းဆိုကြခြင်း ဖြစ် သည်။

“အင်းကို ပုဂ္ဂလိကသူဌေးတွေ လာရောက်လုပ်ကိုင်တဲ့အချိန်က စပြီးတော့ ကျနော်တို့ ဒေသခံ ပြည်သူတွေဟာ စားဝတ်နေရေး ခက်ခဲတဲ့အတွက်ကြောင့် ဒုက္ခအမျိုးမျိုး ရောက်ခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော် အကြီးအကဲတွေထံမှာ အင်းကို ပြန်လည် လုပ် စားပိုင်ခွင့်ပေးဖို့ တောင်းခံကြခြင်း ဖြစ်ပါတယ်”ဟု ရှားခဲရွာသား တံငါသည်တဦးက ဧရာဝတီကို ပြောသည်။

ရှားခဲအင်းကြီးသည် ကျုံပျော်မြို့နှင့် မိုင် ၂၀ ကွာဝေးပြီး ဟင်္သာတနှင့် ကျုံပျော်ကြားတွင် တည်ရှိကာ ကျွဲခြံထောင့်၊ ရှားခဲ၊ ကန်စွန်း ကွင်းနှင့် အင်းဒရယ် အပါအဝင် ကျေးရွာအုပ်စု ၆ စု၊ ရွာပေါင်း ၅၀ ကျော်မှ လူပေါင်း ၁ သောင်းကျော် မှီခိုအားထားနေသည့် အင်းကြီး ဖြစ်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) စစ်အစိုးရ လက်ထက် ၁၉၉၈ ခုနှစ်က စတင်ကာ ရှားခဲအင်းအား ဧရာရွှေဝါကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အင်းပိုင်အဖြစ် စောကပေါကို လုပ်ကိုင်ခွင့် တဆင့်ချပေးထားသည်မှာ ၁၄ နှစ်ဆက်တိုက် ရှိပြီဟု ဒေသခံ တံငါသည်များက ပြောသည်။ ဧရာရွှေဝါ ကုမ္ပဏီသည် ယခု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏သား ဦးအောင်သက်မန်း ပိုင် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကပိုင်အင်း ဖြစ်သွားချိန်၌ ဒေသခံတံငါသည်များ အလုပ်လက်မဲ့ ဖြစ်သွားကြပြီး ဝမ်းစာအတွက် နေပြည်တော်၊ ရန်ကုန်၊ မော် လမြိုင်စသည့် ဒေသများသို့ အလုပ်ကြမ်းများ သွားရောက် လုပ်ကိုင်နေကြကြောင်း သိရသည်။

“အဘရဲ့ မြေးတချို့ဆို နေပြည်တော်မှာ အလုပ်ကြမ်း လုပ်နေကြတယ်။ သားကလည်း ရန်ကုန် ကြိုးတံတားနားမှာ ကျောက်ထမ်း စားနေရတယ်။ မိသားစုတွေ အကုန် တကွဲတပြားစီ ဖြစ်နေတယ်”ဟု အသက် ၇၀ ခန့်ရှိ ရှားခဲရွာသား တဦးက ပြောသည်။

မိဘများ၏ စီးပွားရေးကြပ်တည်းမှုကြောင့် ကျောင်းမတက်နိုင်သည့် ကလေးငယ်များ အလွန် များပြားနေသည်ဟု ယင်းဒေသတွင် လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများလုပ်ကိုင်နေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ရက်မှ ကိုမြင့်လှိုင်ကလည်း ပြော သည်။

“စီးပွားရေးအရ ဒီအင်းကို မှီခိုနေရတော့ လုပ်ပိုင်ခွင့် မရှိတော့ချိန်မှာ ကလေးတွေရဲ့ ပညာရေးမှာ အတော့်ကို သွားထိခိုက်တယ်။ အခုဆိုရင် အဲဒီ အင်းပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေက တတန်း နှစ်တန်းကိုတောင်မှပဲ ပညာသင်နိုင်တဲ့အနေအထား မရှိဘူး”ဟု သူက ပြောသည်။

၎င်းအင်းကြီးတွင် ငါးဖမ်းခွင့် ရရှိမှသာလျှင် စီးပွားရေး အလုပ်အကိုင်များ ပြန်လည် ကောင်းမွန်လာပြီး ကွဲကွာနေသည့် မိသားစုများ ပြန်လည်ပေါင်းစည်း နိုင်မည်ဟု ဒေသခံ တံငါသည်များက ပြောဆိုကြသည်။

“ဒီအင်းကြီး လူထုရဲ့လက်ထဲကို ပြန်ရောက်မှသာလျှင် အဘတို့မိသားစုတွေ သိုက်သိုက်ဝိုင်းဝိုင်းနဲ့ နေလို့ရမယ်။ ဒါကြောင့် နိုင်ငံ တော် သမ္မတကြီးအနေနဲ့ ဒီအင်းကြီးကို လူထုလက်ထဲကို ပြန်ချပေးပါလို့ အဘက တောင်းပန်လိုပါတယ်”ဟု အထက်ပါ ရှားခဲရွာသား အဘိုးအိုက ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် လက်ရှိ လုပ်ကိုင်နေသော အင်းပေါင်း ၃၇၂၁ အင်းရှိပြီး ပဲခူး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းတို့တွင် အင်းလုပ်ငန်း အများဆုံးရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ သိရသည်။

Loading