အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက်ရခြင်းအပေါ် စိတ်လှုပ်ရှားမှုမရှိဘဲ ပြည်သူများ၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း ဆက်လုပ်မည်ဟု ပြောဆိုလိုက်သည်။
ယနေ့ ကျမ်းကျိန်အပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်ရောက်သော ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
သတင်းထောက်တဦးက လွှတ်တော်တက်ရောက်မှုအပေါ် စိတ်လှုပ်ရှားမှုရှိမရှိ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းရာ “ကျမက စိတ်လှုပ်ရှားတဲ့သူမျိုး မဟုတ်ပါဘူး။ NLD ရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် လွှတ်တော် လာတက်တာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ရည်မှန်းချက်အတွက် လွှတ်တော်ကို လာတက်တာ။ အဲဒီတော့ အဓိက ပြည်သူတွေရဲ့ ရည်မှန်းချက်တွေ ၁၀၀ ရာခိုင်နှုန်း အောင်မြင်နိုင်အောင်တော့ ကြိုးစားရမှာပေါ့။ ပြည်သူတွေ အကျိုးအတွက် ပိုပြီးထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ဖြစ်စေချင်တာ အဓိက မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သင့်တော်တဲ့ကိစ္စလုပ်ဖို့က အဓိကပါ။ လွှတ်တော်ထဲကနေ လုပ်လုပ်ရမယ်။ ၂၃ နှစ်တာ ရပ်တည်ခဲ့သလို လွှတ်တော်ပြင်ပကနေလည်း အလုပ်လုပ်သွားမယ်” ဟု ဆက်လက်ပြောသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD မှ လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုသော စာသားဖြင့် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ အနိုင်ရ NLD အမတ် ၃ ဦးဖြစ်သော ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်တို့သည် သြစတြေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်နေသည့်အပြင် NLD လွှတ်တော်အမတ်တချို့လည်း ခရီးလွန်နေ၍ ယနေ့ကျမ်းကျိန်ပွဲသို့ မတက်ရောက်နိုင်သေးကြောင်း သိရသည်။
လွှတ်တော်အစည်းအဝေး တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကြံ့ခိုင်ရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် ကိုယ်စားလှယ်တချို့ လာရောက်နှုတ်ဆက်ခဲ့ကြသည်။
ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးကို ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရောက်လာခြင်းနှင့် ပတ်သက်၍ မည်သို့ ထင်မြင်ပါသနည်းဟု ဧရာဝတီက မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိပေ။
လွှတ်တော်တက်ရောက်ရခြင်းအပေါ် NLD မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က “ပြည်သူတွေအတွက် စပြီးတော့ တာဝန်ထမ်းဆောင်ဖို့ လွှတ်တော်ကို ရောက်လာတာပါ” ဟု ပြောသည်။
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က “ကျနော်တို့ မျှော်လင့်ထားတဲ့ ဆောင်ရွက်ချင်တာတွေရဲ့ လမ်းစတခုတော့ရောက်ပြီ။ အဲဒီရောက်တဲ့အတွက်ကြောင့် တာဝန်တွေလည်း ပိုကြီးလာပြီလို့ ခံစားမိပါတယ်။ ပထမဆုံး ပြောချင်တာကတော့ ဝမ်းသာတာပေါ့ဗျာ။ နိုင်ငံရေးသမားအနေနဲ့ ပြည်သူလူထုအကျိုးကို ဆောင်ရွက်ဖို့ အခုလို ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတခုရတာ၊ ပြည်သူက တာဝန်ပေးတာအတွက်တော့ ဝမ်းသာပါတယ်” ဟု ပြောသည်။
ယနေ့ ကျမ်းကျိန်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ အရာရှိများ အပါအဝင် သံတမန်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ အားလုံးကို ဝင်ရောက်ခွင့်ပြုခဲ့သည်။