ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဖွဲ့စည်းပုံအခြေခံဥပေဒသည် သက်တမ်းနုနယ်သေးသည့်အတွက် ပြုပြင်စရာမလိုသေးဘဲ ပြည်သူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကို စိတ်မဝင်စားသောကြောင့် ပြင်ရန်လည်း မလိုကြောင်း ပြောဆိုလိုက်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ကျင့်သုံးတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ သက်တမ်း သိပ်ငယ်သေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူတွေအများစု မမေးကြဘူး။ ပြည်သူတွေက အဲဒီဥစ္စာကို စိတ်မဝင်စားဘူး။ ပြည်သူတွေနဲ့ ကျနော်တို့ ထိတွေ့နေတာပဲ။ ပြည်သူတွေက စားဝတ်နေရေး ဘယ်လိုအဆင်ပြေမလဲ၊ စီးပွားရေးတွေ အဆင်ပြေမလဲ။ ဒါပဲစိတ်ဝင်စားကြပါတယ်” ဟု ဦးဌေးဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ယနေ့ ကျမ်းကျိန်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ပထမဆုံး တက်ရောက်ကြသည်။
တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင်ပါဝင်ခြင်းသည် မည်သူ့ကိုမျှ အနှောင့်အယှက် မပြုသည့်အတွက် ယင်းအချက်ကိုလည်း ပြင်ဆင်ရန် မလိုအပ်ကြောင်း ဦးဌေးဦးက ဆိုသည်။
“တပ်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းသည် လွှတ်တော်ထဲမှာ မရှိသင့်တဲ့အနေအထား ရှိနေသလားလို့ ခင်ဗျားတို့ပဲ ကျနော်ပြန်မေးရမှာပဲ။ မဟုတ်ဘူးလား။ ဘာများ အနှောင့်အယှက်တွေ ဖြစ်နေလဲ။ သူတို့လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်နေကြတယ်လို့ မြင်တယ်။ လတ်တလောအားဖြင့် ဒီအတိုင်းက ဘာမှမဖြစ်တဲ့အတွက် ဘာမှ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့ ဆိုးကျိုးတစုံတရာ မရှိတဲ့အတွက် ကျနော်ဒီအတိုင်းပဲ ဆက်သဘောကျတယ်” ဟု ဦးဌေးဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်ပြီးနောက် ၂၀၀၈ ခုနှစ်ရောက်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ထပ်မံပေါ်ပေါက်ခြင်းဖြစ်ပြီး လွယ်လွယ်နှင့် ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဦးဌေးဦးက ဆိုသည်။
“၄၇ နဲ့ ၇၄ ဆိုရင်လည်း တော်တော်ကွာတယ်။ ၇၄ နဲ့ ၂၀၀၈ ဆိုလည်း တော်တော်ကွာတယ်။ ဒါကြောင့် လက်တွေ့ကျင့်သုံးပြီးတဲ့အချိန်မှာ မသင့်တော်ရင် လုပ်ရမယ်။ ဖြစ်လာတဲ့အပေါ် မူတည်ပြီးတော့ လက်ရှိ အနေအထားပေါ်မူတည်ပြီး ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်ပြီးတော့ အကောင်အထည် ဖော်နေတယ်” ဟု ဦးဌေးဦးက ပြောသည်။
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကမူ NLD လွွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူကို ကတိပေးထားသည့်အတိုင်း လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရွေးကောက်ပွဲ မတိုင်မီကတည်းက ပြည်သူတွေကို ပြောထားတဲ့ကတိတွေ အကောင်အထည်ဖော်မှာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသော NLD က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။