စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကြေးနီစီမံကိန်း ဧရိယာ၌ ပါဝင်သည့် လယ်မြေဧက ၇၈၀၀ ကျော်ကို အာဏာ ပိုင်များက အဓမ္မသိမ်းယူထားပြီး လယ်ပိုင်ရှင်များ နေထိုင်သော ကျေးရွာများကိုလည်း ပြောင်းရွှေ့ခိုင်းနေကြောင်း သိရ သည်။
အသိမ်းခံလယ်မြေများသည် ဆည်တဲ၊ ဇီးတော၊ ဝက်မှေး၊ ကန်တော စသည့်ကျေးရွာများမှ ဒေသခံများကပိုင်ဆိုင်ပြီး ထိုရွာများ ကိုလည်း ရွာလုံးကျွတ် ပြောင်းရွှေ့ပေးရန် အာဏာပိုင်များက ယခုနှစ်ဆန်းပိုင်းက စတင် ညွှန်ကြားထားကြောင်း၊ အများစုက ပြောင်းရွှေ့ရန် ဆန္ဒမရှိသော်လည်း တချို့ကပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ဒေသခံများက ဧရာဝတီကို ပြောပြကြသည်။
ထိုသို့သိမ်းယူထားသော လယ်မြေဧက ၇၈၀၀ ကျော်ကို နိုင်ငံပိုင်မြေဖြစ်၍ သမ္မတ အမိန့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည် ဟု ကုမ္ပဏီ တာဝန်ခံများနှင့် ဒေသအာဏာပိုင်များက ပြောဆိုပြီး လျော်ကြေး အနည်းငယ်သာ ပေးကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
“ထွက်တဲ့ ကြေးနီကို တတန်ကို ဘယ်လောက်လို့ တန်ဖိုးဖြတ်လို့ရပေမယ့် ကျနော်တို့ လယ်တွေက တန်ဖိုးဖြတ်မရပါဘူး၊ လယ်မြေ ဆိုတာ ကမ္ဘာတည်သရွေ့တည်ရှိနေမှာဖြစ်လို့ လျော်ကြေး ဘယ်လောက်ပေးပေး မလိုချင်ဘူး”ဟု ရွာသာရွာမှ ဦးခင်မောင်ဝင်း က ပြောသည်။
ဒေသခံများက ၎င်းတို့၏ လယ်မြေများ ပြန်လည်ရရှိရေးအတွက် သမ္မတ ဦးသိန်းစိန်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နှင့် သက် ဆိုင်ရာ အာဏာပိုင်များထံ အသနားခံစာ တင်ပြခဲ့သော်လည်း ထိရောက်သောအရေးယူမှု မရှိကြောင်း ပြောဆိုသည်။
ဆားလင်းကြီး မြို့နယ်အတွင်းရှိ ကြေးစင်တောင်နှင့် လက်ပန်းတောင်းတောင် ဒေသများရှိ ကြေးနီစီမံကိန်းများအား စီးပွားရေး ဦးပိုင် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများ ဖြစ်သည့် ဝမ်ပေါင်၊ မြန်မာ ယမ်စီ ကုမ္ပဏီ များက၂၀၁၁ ခုနှစ် နှောင်းပိုင်းမှစတင်၍ ကြေး နီ တူးဖော်မှု လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။
မုံရွာတွင်လည်း ကြေးနီ စီမံကိန်း တခု လုပ်ဆောင်နေပြီး ယင်း စီမံကိန်း၌ တရုတ် ကုမ္ပဏီ ပါဝင်လုပ်ကိုင်လျက် ရှိသည်ဟု ဆို သည်။
မုံရွာကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီ စီမံကိန်းတခုဖြစ်ပြီး ယခင် မြန်မာအစိုးရ အမှတ်(၁) သတ္ထုတွင်း ဝန်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီ(Ivanhoe Mines)တို့ ပူးပေါင်းဖွဲ့စည်းထားသော မြန်မာအိုင်ဗင်ဟိုး ကြေး နီ ကုမ္ပဏီလီမိတက်(Myanmar Ivanhoe Copper Company Limited – MICCL) က လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။
MICCL အား ၂၀၀၉ ခုနှစ်၌ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက တားမြစ်ထားသည့် ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းခဲ့ သည်။
ယနေ့ နံနက်တွင်လည်း ပြောင်းရွှေ့ခံရသည့် ဆည်တဲရွာမှ လူငယ်တဦးကို ညောင်ပင်ကြီး ရဲ စခန်းမှ အကြောင်းပြချက် မပေး ဘဲ ဖမ်းဆီးထားမှု ဖြစ်ပွားခဲ့ကြောင်း၊ ရွာသား ၇၀ ခန့်က မေးမြန်း စုံစမ်းရန် ရဲ စခန်းသို့ ရောက်လာရာ ရဲစခန်းက ဝင်ခွင့် မပေး ခဲ့ကြောင်း ဒေသခံ ဦးဇော်ဦး က ပြောဆိုသည်။