အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ နံနက်က နေပြည်တော်တွင်ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက် ကျမ်းသစ္စာကျိန်ဆိုမှုကို ပြည် တွင်း ပြည်ပမှ ကြိုဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦးသည် ယနေ့နံနက် ၁၀ နာရီက လွှတ်တော် ဥက္ကဌ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုကြသည်။
NLD က ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦးဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ကိုဖြိုးမင်းသိန်း၊ မစန္ဒာမင်း၊ ကိုဖြိုးဇေယျာသော် တို့ ၃ ဦးမှာ သြစတြေးလျ နိုင်ငံသို့ လေ့လာရေး ခရီး သွားနေပြီး တချို့ NLD အမတ်များ ခရီးလွန်ကြောင်း သိရသည်။
အစောပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်လွှာ စာသား၌“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်”ဆိုသည့် စကားရပ်အစား “လေးစားလိုက်နာပါမည်”ဟူသည့် စကားရပ်ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုမှု လုပ်ခဲ့ပြီး မတက်ရောက်နိုင်ဘဲ ရှိခဲ့ရာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က မဟာမိတ်များ၏ ဆန္ဒနှင့် ပြည်သူ့ဆန္ဒအတွက် စာသား မပြင်သေးသော်လည်း လွှတ်တော် တက်ရောက်ရန် တနင်္လာနေ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဌ ဒေါက်တာ အေးမောင် က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်တက်ရောက် ကျမ်းသစ္စာကျိန်ဆိုမှုကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း၊ ပြည်ထောင်စုကို အတိတ်ဆိုးမွေများ မခံယူဘဲ စည်းလုံးမှုများဖြင့် တည်ဆောက်သွားနိုင်မည်ဟု မျှော်လင့် ယုံကြည်ကြောင်း ဧရာဝတီကို ပြောသည်။
“တိုင်းရင်းသားပါတီငယ်လေးတွေ အားလုံး လာမယ့် ၂၀၁၅ ကို မျှော်မှန်းပါတယ်။ အဲဒီကာလမျိုးမှာ တိုင်းရင်းသား ဒေ သ တွေမှာ လွန်ခဲ့တဲ့ ၁၉၉၀ က အမှားမျိုးတွေလို၊ ဖဆပလ ခေတ်က အမှားမျိုးတွေလို မဖြစ်စေရအောင် တိုင်းရင်းသားပါတီတွေကို အခွင့်အရေးပေးဖို့ မဟာဗျူဟာ ရည်မှန်းချက်များ ကြိုတင်ညှိနှိုင်းချထားခဲ့မယ်ဆိုရင်၂၀၁၅ ရဲ့ မြင်ကွင်းဟာ အင်မတန်လှပ လာမှာဖြစ်ပါတယ်”ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်တက်ရောက်လာသည်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံ့ဖြိုး ရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)မှ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဝင်းဦး ကလည်း ကြိုဆိုကြောင်းပြောဆိုပြီး တိုင်းပြည် အကျိုး အတွက် အတူပူးပေါင်း လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ပ သတင်းဌာနများနှင့် ပြောဆိုထားသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်ခြင်းကို ၈၈ မျိုးဆက်ကျောင်းသားများကလည်း ကြိုဆိုကြောင်း၊ လုပ်ထုံး လုပ်နည်းအရ ပြင်ရန် လိုအပ်ချက်ကို NLD က တောင်းဆိုခြင်းဖြစ်ကြောင်း၊ ပြည်သူ အားလုံး စိုးရိမ်မှုဖြင့် စောင့်မျှော်ခဲ့ရကြောင်း ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။
“နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စေ့စပ်မရတဲ့ သဘောထား တင်းမာသူလို့ ပုံဖျက် ခံထားရတာဟာ မဟုတ်ဘူး ဆိုတာ ပေါ်သွားတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ညှိနှိုင်းလို့ရတယ်၊ အလျှော့အတင်းလုပ်တဲ့ အစဉ် အလာကို လေး စား တယ် ဆိုတာ အားလုံး သိအောင်ဖော်ပြလိုက်တာပါပဲ။ အားလုံးဟာ ညှိနှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှု ကို မလွတ်တမ်း ဆုပ်ကိုင်ထားပြီး ဒီအတိုင်းဆက်သွားနေဖို့ အားလုံးဆက်ကြိုးစားနေရမယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း ကြိုဆိုကြောင်း၊ လွှတ်တော်တွင်း ဦးမော့ လာမည့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စသဖြင့် လုပ်ဆောင်စရာများကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် စောဒေးဗစ်ထော က ဧရာဝတီကိုပြော သည်။
“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို သွားတယ်ဆိုတာကို ကျနော်တို့ ကြိုဆိုတယ်။ ဘာပဲဖြစ်ဖြစ်လွှတ်တော်ထဲ မှာပဲ တချို့ကိစ္စတွေက ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်လေ”ဟု သူက ဆိုသည်။
အမေရိကန် နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရတို့သည် အပြုသဘော ဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ မာ့ခ်တုန်နာက နေ့စဉ် သတင်းစာရှင်း လင်း ပွဲတွင် သတင်းထောက်များကို ပြောကြားလိုက်သည်။
“ကျနော်တို့ အမြင်က အခု အသစ်ရွေးချယ်ခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မှာရှိတာ၊ အစိုးရ နဲ့ သူတို့ အပြုသဘောဆောင်ပြီး လုပ်ကြတာတွေကို မြင်တွေ့ချင်ပါတယ်။ ဆက်လက်တိုးတက်မှုတွေကိုလည်း ကျနော်တို့ မြင်တွေ့ချင် ပါတယ်”ဟု သူက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအဝင် အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ပြီး တိုးတက်မှုများကိုအသိအမှတ်ပြုကာ အဆုံးသတ်ခြေလှမ်းများ ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂ ရုံးခွဲဖွင့်ရန်အတွက် မကြာမီကသွားရောက်ခဲ့သည့် ဥရာပသမဂ္ဂ နိုင်ငံခြားရေးရာ ကော်မရှင် အကြီး အကဲ မစ္စ ကက်သရင်း အက်ရှတန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် တက်ရောက်ခြင်းကို ချီးမွမ်းပြောဆိုပြီး မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို နောက်ကြောင်းပြန်လှည့်မည်ကို စိုးရိမ်နေဆဲဖြစ် ကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ကျင်းပနေသည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို ရပ်နားလိုက်ပြီး လာမည့် ဇူလိုင်လအတွင်း ပြန်လည်ကျင်းပရန် ကြေညာကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင် ၄ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ လေကြောင်းခရီးဖြင့်သွားခဲ့ကြ ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးပါက ရန်ကုန်မြို့သု့ိ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိမည်ဖြစ် ကြောင်း အနီးကပ်လုံခြုံရေး တာဝန်ယူသူတဦးဖြစ်သည့် ကိုကျော်စိုးနိုင်က ပြောပြသည်။