မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ဖျက်ဆီးခဲ့သည်မှာ လေးနှစ်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မပြီးပြတ်သေးကြောင်း ဒေသတွင်း ကွင်းဆင်းလုပ်ဆောင်နေသည့် NGO အဖွဲ့များနှင့် ဒေသခံများက ပြောသည်။
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် နေအိမ်အဆောက်အဦးများ၊ သဘာဝဘေးဒဏ်ခံ အဆောက်အဦးများ တည်ဆောက်ရေး၊ ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့် ကဏ္ဍအသီသီးတွင် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသော်လည်း ပုံမှန် အခြေအနေသို့ ပြန်ရောက်ရန် နောက်ထပ် ထက်ဝက်ခန့် လုပ်ဆောင်ရန် လိုနေသေးကြောင်း ထူထောင်ရေး လုပ်ငန်းများလုပ်ကိုင်နေသူ မင်္ဂလာမြန်မာ ကုမ္ပဏီမှ ဒါရိုတ်တာ ဒေါက်တာ ဖုန်းဝင်းက ပြောသည်။
“ဘယ်ကဏ္ဍမှ ပြီးပြတ်တာ တခုမှမရှိသေးဘူး။ အကုန်လုံး တို့လို့တန်းလန်းတွေချည်းပဲ။ ဒီဟာတွေကို အစိုးရကပဲ ဦးဆောင်ပြီးတော့ ဆက်လုပ်မလား၊ အတိုက်ခံပါတီတွေကပဲ ပြောပေးမှာလား။ ဒါမှမဟုတ်လို့ရှိရင် အခုလာပြီးတော့ လူတွင်ကျယ်လုပ်နေတဲ့ ကုလသမဂ္ဂတို့ ဘာတို့ကများ လုပ်ပေးမှာလားဆိုတာကတော့ အခုထက်ထိ ဘယ်သူမှ လုပ်ပေးထားတာတော့ မတွေ့သေးဘူး” ဟု ဒေါက်တာ ဖုန်းဝင်းက ဧရာဝတီသို့ ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများကို ကုလသမဂ္ဂ အကူညီပေးရေး အေဂျင်စီများ၊ မြန်မာအစိုးရနှင့် ပြည်တွင်း၊ ပြည်ပ NGO အဖွဲ့များ စုပေါင်းရေးဆွဲရာတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ ကုန်ကြမည်ဟု ရေးဆွဲသတ်မှတ်ခဲ့ကြသည်။ ယင်းဒေသတွင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဆုံးရှုံးပျက်စီးမှုများသည် ၃ ဘီလီယံဒေါ်လာ၊ ဒေသခံ တဦးချင်း၏ ဆုံးရှုံးမှုစုစုပေါင်းမှာ ဒေါ်လာ ၁.၁ ဘီလီယံဟု သတ်မှတ်ထားကြောင်း သိရသည်။
ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရန် မြန်မာအစိုးရက ၁၁ ဘီလီယံ တောင်းဆိုခဲ့သော်လည်း ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ အဖွဲ့များက ၄.၁ ဘီလီယံသာ သတ်မှတ်ခဲ့ကြသည်။ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့ ဆုံးရှုံးခဲ့မှုများကို နိုင်ငံတကာ အကူညီများဖြင့် ပြန်လည်ထူထောင်မှုများ ပြုလုပ်ပေးစေလိုသော်လည်း ဒေသခံလူထုကိုသာ ဦးစာပေး လုပ်ဆောင်ပေးခဲ့ကြသည်။
သို့သော် နိုင်ငံတကာအလှူငွေများမှာ ထိုတဦးချင်းစီ၏ ဆုံးရှုံးမှုဖြစ်သော ဒေါ်လာ ၁.၁ ဘီလီယံ၏ ထက်ဝက်ပင် မရရှိသေးကြောင်း ဒေါက်တာ ဖုန်းဝင်းက ပြောဆိုသည်။
ရရှိခဲ့သော ဒဿမ ၅ ဘီလီယံကိုလည်း ဒေသခံများထံ ရောက်ရှိမှုနည်းပြီး ကြားခံ အရာရှိများနှင့် အဖွဲ့ခေါင်းဆောင်တချို့က ၎င်းတို့ကိုယ်ကျိုး အသုံးပြုမှုများရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
“မူရင်းအနေအထားကို ပြန်ရောက်ဖို့ ဒီအခြေအနေနဲ့ မလွယ်ဘူး။ အရင်တုန်းက ကျွဲ၊ နွား ၄ စုံ ပိုင်ခဲ့တဲ့လူက အခု တစုံမှ မရှိသေးဘူး။ အဓိကနောက်တခုက အလုပ်အကိုင် ရရှိမှုပြဿနာရှိနေတယ်။ အသက်မွေးဝမ်းကျောင်းကလည်း ၃ နှစ်လုပ်ရမယ်လို့သာပြောတယ်။ အခု ၁ နှစ် ၂ နှစ်နဲ့ ရပ်ထားတယ်ဆိုတော့။ ဒီဒေသတွေက ဘယ်ဟာမှ ပုံမှန်အနေအထားဖြစ်ဖို့ မလွယ်သေးပါဘူး” ဟု ဒေါက်တာ ဖုန်းဝင်းက ပြောသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် နိုင်ငံတကာအကူညီများကို လက်ခံရန် မြန်မာအစိုးရက ငြင်းဆန်နေချိန် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်၍ အကူညီများလက်ခံရန် ပြောဆိုခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ယခုနှစ် ဧပြီလကုန်ပိုင်းက ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့တချို့ကို တွေ့ဆုံခဲ့သော်လည်း နာဂစ်အခြေအနေကို ဆွေးနွေးပြောဆိုမှု မရှိခဲ့ပေ။
မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ဧရာဝတီတိုင်းထဲတွင် စပါးစိုက်ပျိုးမှု အများဆုံးထဲ၌ လပွတ္တာမြို့လည်း ပါဝင်ပြီး နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် အောက်ခံမြေဆီလွှာများ ပျက်စီးကာ စပါးနှင့် ပဲစိုက်ခင်းများ နှစ်စဉ် ပိုးဖျက်ခံရမှုနှင့် ရင်ဆိုင်နေရကြောင်း လပွတ္တာမြို့နယ်အတွင်းရှိ ပြင်စလူရွာမှ ရွာခံတဦးက ပြောသည်။
“ထွန်ယက်ဖို့ ကျွဲနွားကလည်း အခက်ခဲရှိတယ်။ အဆိုးဆုံးကတော့ မုန်တိုင်းတိုက်ပြီးကတည်းက လယ်တွေပြန်လုပ်တဲ့ အခါ မြေကြီးတွေထဲက ပိုးတွေထွက်တယ်။ ထွက်တဲ့ပိုးတွေက အပင်တွေကို ကိုက်တော့ မိုးစပါးရော၊ ပဲစိုက်ထားတဲ့ အရင်းနှီးတွေရော အကုန်ဆုံးရှုံးသွားတဲ့အခါကျတော့ လာမယ့် မိုးရာသီမှာ ပြန်စိုက်ဖို့ ကျနော်တို့မှာ တော်တော် အခက်ခဲရှိတယ်” ဟု ပြင်စလူကျေးရွာမှ လယ်သမား ဦးထွန်းဝင်းက ဧရာဝတီသို့ ပြောသည်။
တောင်သူများ ယင်းသို့ စိုက်ပျိုးရေးပျက်သုဉ်းမှု အခက်ကြုံနေရမှု၏ နောက်ဆက်တွဲအဖြစ် ယခင်နှစ်က အစိုးရမှ စိုက်ဘဏ် ချေးငွေများအဖြစ်ချပေးထားသော ငွေများကိုလည်း ပြန်ဆပ်နိုင်ရန် အခက်ကြုံနေရကြောင်း တောင်သူကြီးများက ပြောသည်။ အလားတူ တံငါသည်လုပ်ငန်းများလည်း ယခင်ကကဲ့သို့ တွင်ကျယ်မှုမရှိဟု သိရသည်။
လပွတ္တာမြို့နယ်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသော ပြင်စလူ၊ ရွေးနှင့် သင်္ဃန်းကြီး ကျေးရွာများ၌ လတ်တလောတွင် သောက်သုံးရေ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး ပုဂ္ဂလိကအလှူရှင်တချို့က ရေလှူဒါန်းပေးနေသည်ဟု ဆိုသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က မြန်မာနိုင်ငံတွင် တိုက်ခတ်သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင် မြို့များကို ဝင်ရောက် တိုက်ခတ်ခဲ့ရာ လူဦးရေ ၂ ဒဿမ ၄ သန်း ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
အဆိုပါ မုန်တိုင်းကြောင့် လူဦးရေ ၈ သောင်းကျော် အသက်ဆုံးရှုံးကာ လူ ၅ သောင်းကျော် ပျောက်ဆုံးနေသည်ဟု စစ်အစိုးရ စာရင်းများအရသိရသည်။ ကုလသမဂ္ဂကမူ သေဆုံးသူ ၁၄၀,၀၀၀ ဦးခန့်ရှိသည်ဟု ခန့်မှန်းပြီး မုန်တိုင်းဒဏ်ကို လူ ၂.၄ သန်း ဆိုးဆိုးရွားရွား ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
သေဆုံးသွားသူများကို ရည်စူးကာ ယမန်နေ့က လပွတ္တာမြို့ပေါ်ရှိ ဆုတောင်းပြည့်ဘုရားကြီးတွင် တရာနာကြားကြပြီး ယနေ့တွင် တမြို့နယ်လုံးရှိ သံဃာများကို ပင့်ဖိတ်ကာ မနက် ၇ နာရီမှ ၁၂ နာရီအထိ ဆုတောင်းမေတ္တာ ပို့ခြင်းများပြုလုပ်ခဲ့ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။