မြန်မာနိုင်ငံတွင် နှစ် ၃၀ အတွင်း ပထမဦးဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ယူမှုကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ အကူအညီပေးရန် ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်တွင် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကုလသမဂ္ဂမှ ငွေကြေးအကူအညီနှင့် နည်းပညာဆိုင်ရာ အကူအညီများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ပါရှိသည်။
မြန်မာနိုင်ငံတွင် ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း သန်းခေါင်စာရင်းများကို ၁၀ နှစ်တကြိမ် ကောက်ယူခဲ့ကြောင်း၊ ပြည်လုံးကျွတ် ပြည့်စုံသည့် သန်းခေါင်းစာရင်းများကို ၁၉၇၃ ခုနှစ်တွင်တကြိမ်၊ ၁၉၈၃ ခုနှစ်တွင်တကြိမ် နောက်ဆုံးကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။ ယခု ကုလသမဂ္ဂ အကူအညီဖြင့် ၂၀၁၄ ခုနှစ်တွင် အပြီးသတ် ကောက်ယူမည့် သန်းခေါင်စာရင်းသည် နှစ်ပေါင်း ၃၀ ကြာမှ ပြန်လည်ကောက်ယူနိုင်ခြင်းဖြစ်သည်။
မြန်မာအစိုးရ၏ သန်းခေါင်စာရင်း ကောက်ယူရန် စိတ်အားထက်သန်မှုနှင့် ပါဝင်ဆောင်ရွက်မှုကို အားရကျေနပ်ကြောင်းနှင့် ၎င်းအတွက် ကူညီလိုသည့်သူများကို ရန်ပုံငွေများ ပေးအပ်နိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သဘောတူလက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။
ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက “၂၀၁၄ သန်းခေါင်စာရင်းဟာ မြန်မာနိုင်ငံအတွက် ဦးစားပေးအဆင့်မှာရှိတယ်။ အထောက်အပံ့ပေးတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးကိုလည်း ကျေးဇူးတင်ပါတယ်။ သန်းခေါင်စာရင်းဟာ တိကျမှန်ကန်ပြီးတော့ နိုင်ငံတကာနဲ့ ယှဉ်နိုင်ဖို့အတွက် ကျနော်တို့ အစိုးရအနေနဲ့ UNFPA နဲ့ အတူ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
၂၀၁၄ တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း အဆင့်ဆင့်ကောက်ယူမှုကို ၂၀၁၅ တွင် စာရင်းဇယားများ ထုတ်ပြန်မည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေကို နိုင်ငံတကာအဖွဲ့အစည်းများက အမျိုးမျိုး ခန့်မှန်းတွက်ချက်လျက်ရှိရာ ကမ္ဘာ့ဘဏ်က ၄၈ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆၀ ဟု ခန့်မှန်းထားသည်။
မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုလွွှတ်တော်တွင်လည်း မိန့်ခွန်းပြောကြားခဲ့သည်။