အိမ်အကူအလုပ်သမ မအေးယုအောင်အား မီးပူဖြင့် လက်ရောက် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ကာယကံရှင်များက အမှုဖွင့် တိုင်ကြားထားသော်လည်း တရားခံမှာ ပျောက်ဆုံး နေကြောင်း ရဲကပြောသည်။
အသက် ၁၅ နှစ်အရွယ် မအေးယုအောင်က ၎င်းအား မီးပူဖြင့်ကပ်သည်ဟု ဆိုကာ အိမ်ရှင် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးကို ပဲခူးမြို့ နယ်မြေခံ အမှတ် ၃ ရဲစခန်းတွင် အင်္ဂါနေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။
သို့သော် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန် တရားခံဖြစ်သူ ဒေါ်ဖြူဝင်းသက်ကို ရှာမတွေ့တော့ကြောင်း အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦး က ဧရာဝတီကို ပြောသည်။
“ကာယကံရှင် အေးယုအောင်ကတော့ ကျနော်တို့ဆီမှာ လာပြီးအမှုဖွင့်ထားပါတယ်။ ကျနော်တို့လည်း အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ သက်သေတချို့ကိုလည်း စစ်ဆေးနေပါတယ်။ တရားခံကတော့ လက်ရှိနေရပ်လိပ်စာမှာမရှိတော့ဘူး။ ဘယ် ပြောင်း သွားတယ်ဆိုတာကိုလည်း မသိတော့ ကျနော်တို့ လိုက်လံစုံစမ်းနေပါတယ်”ဟု စခန်းမှူး ဦးသိန်းဦး က ပြောသည်။
အမှုဖွင့်ထားပြီးနောက် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက်တို့ မူလနေထိုင်သော ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ရှိ အိမ်သို့ ရဲစခန်းတာဝန်ရှိသူများက သွားရောက်စုံစမ်းရာတွင် နေအိမ်နှင့် ခြံဝန်းအား သော့ခတ်ထားကြောင်း၊ ပြောင်းရွှေ့သွားသော နေရာသစ်အား စုံစမ်းနေဆဲဖြစ်ပြီး အမှုနှင့် ဆက်နွယ်နေသူများကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးသိန်းဦး က ဆက်ပြောသည်။
ယခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က ၎င်း၏အိမ်တွင် အိမ်အကူလုပ်နေသော မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်ထိ ဒဏ်ရာများရရှိထားကြောင်း၊ ထို့အပြင် မိဘထံ ပြန် မပို့ဘဲ ဒဏ်ရာများပျောက်ကင်းသည်ထိ ထိန်းချုပ်ထားခြင်းနှင့် ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန်ကြိုးစားမှုကို ကျေနပ်မှု မရှိကြောင်း မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူ က ပြောပြသည်။
လတ်တလောတွင် လက်ရောက်ကျူးလွန်သူ ဒေါ်ဖြူဝင်းသက်ကို အမှုဖွင့်တိုင်ကြားထားသကဲ့သို့ ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန် ကြိုးစားခဲ့သော ခင်ပွန်းဖြစ်သူ တရားသူကြီး ဦးအောင်ဖုန်းဝင်း နှင့် အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း ပဲခူးမြို့ လမ်းပြကြယ် အဖွဲ့၏ အကူအညီကိုယူကာ ဆက်တိုက် တရားစွဲဆိုသွားမည်ဟု သိရသည်။
ဦးအောင်ဖုန်းဝင်းက အမှုဖြစ်စဉ်အားဖျောက်ဖျက်ရန် ကြိုးစားရာတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မအေးယုအောင်၏ ဇာတိ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ယင်းမြို့နယ် တရားသူကြီး ဦးသက်ထွန်း တို့ကိုလည်း စစ်ဆေးရန် တိုင်ကြားထားကြောင်း လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် ကလည်း ပြောသည်။
“ဦးအောင်ဖုန်းဝင်းက ကောင်မလေး မီးပူနဲ့ထိတာဟာ သူ့မိန်းမ လုပ်တာမဟုတ်ပါဘူးလို့ပြောတာကို ဝိုင်းပြီးဖျောက်ဖျက်ပေးဖို့ ကြိုးစားပေးတဲ့လူတွေ။ ကျောက်ကြီး မယက ဥက္ကဌနဲ့အဖွဲ့၊ သူတို့ကို အားပေးကူညီမှုနဲ့ ပေါ်လာအောင် ရဲကိုစစ်ခိုင်းထားတယ်။ ဒီတပတ် အတွင်းမှာ ရဲကဆင်းပြီးစစ်နေပြီ”ဟု ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။
အမှုဖွင့်တိုင်ကြားရခြင်းနှင့် ပတ်သက်၍ ရဲကစစ်ဆေးမေးမြန်းရာ၌် မအေးယုအောင် ၏ ထွက်ဆိုချက်များကို ကြားသိပြီးနောက် ဒေါ်ဖြူဝင်းသက်သည် ၎င်း၏သမီးအပေါ် စာနာထောက်ထားမှုမဲ့စွာဖြင့် အခြားသော နှိပ်စက်မှုများလည်းရှိခဲ့ကြောင်း ဒေါ်ကြူကြူ က ပြော ဆိုသည်။
“ကလေးက သူ့ရှေ့တည့်တည့်မှာထိုင်နေတာကို မီးပူနဲ့ မျက်နှာကိုလှမ်းထိုးလိုက်တာ ကလေးက ရှောင်လိုက်တော့ လည်ပင်းနဲ့ ရင် ဘတ်က ညှပ်ရိုးကိုထိသွားတာတဲ့၊ ရင်ဘတ်မှာကလည်း ဓား ဒဏ်ရာရှိတယ်။ အရင်က ကြက်သွန်လှီးဓားကို မပြတ်ဘူးဆိုပြီး ကလေးရင်ဘတ်ကို ခုတ်ထားတာ၊ ခေါင်းမှာလည်း ဟင်းချက်တာ ပေါ့လို့ဆိုပြီး ပုလင်းနဲ့ ရိုက်ထားတာတဲ့ ဒဏ်ရာအကြီးကြီးပဲ၊ ကျမ လည်း အစကမသိဘူး၊ ကလေးက ရဲတွေကို ဖွင့်ပြောပြမှသိလိုက်တာ”ဟု ဒေါ်ကြူကြူ က ပြောသည်။
ကာယကံရှင်ဖြစ်သူ မအေးယုအောင် ကလည်း“အနာတွေက အကုန်ကျက်သွားပြီ။ အမာရွတ်ပဲကျန်နေတော့တာ။ ဒဏ်ရာတွေက မီးပူနဲ့ ကပ်ခံထိတာလေ။ ဒေါ်ဖြူဝင်းသက်က သမီးကိုကပ်တာ”ဟု သူက ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ပြောပြသည်။
တရားလိုများဘက်မှ အမှုဖွင့်တိုင်ကြားထားမှုနှင့် ပတ်သက်၍ ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက်တို့ကို တယ်လီဖုန်းဖြင့် ဆက် သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ဆက်စပ်သတင်းများ
- မအေးယုအောင် အိမ်ပြန်ရောက်ပြီ
- ပဲခူး အိမ်ဖော် နှိပ်စက်ခံရမှု နေပြည်တော် ရဲ စုံစမ်း
- မအေးယုအောင် ဆက်လက်ထိန်းသိမ်းခံထားရ
- မီးပူနဲ့ကပ်တယ်၊ လက်မှတ်လိမ်ထိုးခိုင်းတယ်