မန္တလေးမြို့တွင် ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် ဧရာဝတီ မြစ်အတွင်း၌ မော်တော် (ရေယာဉ်) ၈ စီး နစ်မြုပ်ခဲ့ပြီး ၄ စီး မှာ ရေစီးနှင့် မျောပါသွားသည်။
နစ်မြုပ်ခဲ့သည့် စက်လှေများမှာ အများအားဖြင့် ဧရာဝတီမြစ်အတွင်း ဒေသထွက်ကုန်များကို သယ်ပို့နေသော မော်တော်များဖြစ်သည်။
ဧရာဝတီမြစ်အတွင်း သွားလာရင်း လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာကာ လှေများနစ်မြုပ်ရခြင်း ဖြစ် ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ကိုသိန်းစိုးက ပြောပြသည်။
“လေပြင်းတွေတိုက်ပြီး လှိုင်းလုံးတွေက တက်လာတာ။ လှိုင်းတွေက လူတစ်ရပ်စာကို ကျော်တယ်။ အဲဒီကတည်းက ကျနော် က သိနေပြီ။ စက်လှေမြုပ်တော့မယ် ဆိုတာ။ နောက်ဆုံး လေတွေ တအားကြမ်းပြီး လှိုင်းလုံးကြီးတွေက အရမ်းကြီးလာတာနဲ့ လှေ ကိုပစ်ထားပြီး ရေကူးလာခဲ့တာ။ စက်လှေတော့ မြုပ်သွားတယ်”ဟု မန္တလေးမြို့ မရမ်းခြံလှေဆိပ် အနီးတွင် နစ်မြုပ်ခဲ့သည့် ဇော်မင်း သန်း အမည်ရှိ စက်လှေမှ အလုပ်သမား ကိုသိန်းစိုးက ပြောသည်။
၎င်းသည် အသက် ၁၅ နှစ်ခန့်ကတည်းက ဧရာဝတီ မြစ်အတွင်း သွားလာနေခဲ့ပြီး အသက် ၄၂ နှစ်ရှိချိန်ကျမှ ယခုကဲ့သို့ တွေ့ကြုံရ ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ထိုနေ့က နစ်မြုပ်ခဲ့သော စက်လှေများမှာ ဇော်မင်းသန်း ၊ ဇော်ဇော်ဦး ၊ အောင်သပြေဦး ၊ သိန်းနဒီ ၊ နဒီကျော် ၊ ကျော်သီတာဝင်း ၊ မေသူထွန်း နှင့် ဇော်မင်းနိုင် အစရှိသည့် စက်လှေများ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ကမ်းစပ်မှကြိုးများနှင့် ချီထားသော်လည်း လေပြင်းကြောင့် ရေထဲမျောသွားသော စက်လှေများမှာ ဇော်ကိုကို(၁)၊ ဇော်ကိုကို(၂)၊ သိန်းနိုင်ဝေနှင့် သိင်္ခနဒီ စက်လှေများဖြစ်သည်။ မေ ၁ ရက်နေ့တွင် ယင်းစက်လှေများကို ပြန်လည်ရှာဖွေတွေ့ရှိပြီ ဖြစ်သည်။ နစ်မြုပ် သွားသည့်စက်လှေများကိုလည်း ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းလျက် ရှိသည်။
လူထိခိုက် သေးဆုံးခြင်းမရှိဘဲ စက်လှေများတွင် တင်ဆောင်ခဲ့သည့် ဒေသထွက်ကုန်များ ဆုံးရှုံးခဲ့ရသည်။ ကသာမှ မန္တလေးသို့ အဓိက သယ်ဆောင်သည့် စားသောက်ကုန်များ၊ သကာရည်များ၊ ထင်းများနှင့်စားသုံးဆီပုံးများ လှေနှစ်မြုပ်ရာတွင် ပါဝင်သွား ပြီး ဆုံးရှုံးမှုတန်ဖိုးကိုမူ အတိကျ မသိရသေးချေ။
ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်း ၅နာရီခွဲခန့်တွင် တိုက်ခတ်ခဲ့သည့် ယင်း လေပြင်းကြောင့် ဧရာဝတီ မြစ်တလျှောက်ရှိ မြစ်ဆိပ်များမှစက်လှေများ ကမ်းပေါ် တင်နေခြင်း၊ ကမ်းပါးယံနှင့် တိုက်မိပြီး ဝမ်းဗိုက်များ ပေါက်ထွက်ခြင်း၊ ဘေးနှုတ်ခမ်းသားများ ကွဲခြင်း၊ ကမ်းပေါ်တွင် မှောက်ခြင်းများနှင့်် မြစ်ကြောင်းတလျှောက် မျောပါခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။