ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များကို ကုလသမဂ္ဂက အကူအညီများ ဆက်လက် ပေးမည်ဆိုသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောဆိုချက်အား ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က ကြိုဆိုလိုက်သည်။

စစ်ပြေး ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်းနှင့် လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးသွားရန်ရှိကြောင်း မေလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။
“အရင်က ပြောခဲ့ဖူးသလိုပါပဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ် အလျင်အမြန် အကောင်အထည် ဖော်နိုင်ဖို့အတွက် ငွေကြေးနဲ့တခြား လိုအပ်တဲ့ အရာတွေအားလုံး အကူအညီ ဆက်ပေးသွားပါမယ်” ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်က “ကုလသမဂ္ဂ အဖွဲ့အစည်းကနေပြီးတော့ လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် လုပ်နေကြပါပြီ၊ ဆက်ပြီတော့ ကူညီပေးမယ်ဆိုတော့ ကချင်တိုင်းရင်းသားတွေသာ မကပါဘူး၊ စစ်ဘေးကြောင့် ဒီမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေအတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် မတ်လကလည်း ကချင်ပြည်နယ် အတွင်းရှိ စစ်ပြေး ဒုက္ခသည်စခန်းများသို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက ဆန်၊ သောက်ရေသန့်၊ အမိုးအကာ စသည့်ပစ္စည်းများ လာရောက်ကူညီခဲ့ကြောင်း ၎င်းက ဆိုသည်။
ကချင် စစ်ပြေးဒုက္ခသည်များအတွက် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့တချို့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ ယမန်နှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် စတင်၍ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဧပြီလ ၃၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များ တွေ့ဆုံ၍ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
မစ္စတာ ဘန်ကီမွန်းက “ဒီငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အထမြောက်ဖို့က တွေ့ဆုံဆွေးနွေးရုံတင် မကဘူး၊ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါ တဖက်နဲ့တဖက် အပြန်အလှန်နားလည်မှု တည်ဆောက်ရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံတော် အစိုးရနဲ့ အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယမန်နေ့က လိုင်ဇာဌာနချုပ်ဒေသအတွင်း အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ ၂ နာရီ အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း ဦးလနန်က ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လ ၉ ရက်နေ့က စတင်၍ တရုတ်-မြန်မာနယ်စပ် တာပိန်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာအနီး တပ်စွဲ ထားသည့် KIA တပ်ဖွဲ့များကို အစိုးရတပ်က ဖယ်ရှားခိုင်းရာမှ နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုများကြောင့် လိုင်ဇာမြို့၊ မိုးမောက်မြို့စသည့် KIA ထိန်းချုပ်ဒေသများတွင် စစ်ပြေးဒုက္ခသည် ၂ သောင်းခွဲခန့် ရှိကြောင်း သိရသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပူးပေါင်းရေးသားသည်။