ယနေ့ ကျရောက်သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားများကို လွတ်လပ်သည့် မြန်မာစာနယ်ဇင်း အဖွဲ့များက ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပထမဆုံးအနေဖြင့် ကျင်းပကြသည်။
ယနေ့နံနက်တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က ဦးစီးကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ် လပ်ခွင့်နေ့ အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး တက်ရောက်ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်မည်ဖြစ်ကြောင်း၊ စာနယ်ဇင်းဥပဒေကိုလည်း ပြဌာန်းပေးမည်ဖြစ်ကြောင်း၊ မလိုလားအပ်သည့် ဥပဒေများကိုလည်း ဖျက်သိမ်းပေးမည်ဟု ကတိများ ပေးသွားကြောင်း သိရသည်။
“မနက်က အခမ်းအနားမှာ ပြန်ကြားရေးက ဒု ဝန်ကြီးတက်ရောက်ပါတယ်။ သူက ဝန်ကြီးရဲ့ မိန့်ခွန်းကို ပြောတာမှာ မလိုလား အပ်တဲ့ ဥပဒေတွေလည်း ဖျက်သိမ်းပေးမယ် စသဖြင့်ကြားရတော့ တော်တော်လေး အားတက်သွားပါတယ်။ ကတိကဝတ်တွေ ပေးလိုက်တာကြောင့်ပေါ့”ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက ဧရာဝတီ ကို ပြောသည်။
မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ရန်ကုန်အခြေစိုက် သတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီက ဦးစီးကျင်းပသည့် အခမ်းအနားကိုလည်း ယနေ့နေ့လယ်၂ နာရီက ရန်ကုန်မြို့ Central Hotel တွင် ကျင်းပရာ ကော်မတီ ဥက္ကဌ ဦးဖိုးသောကြာ က အဖွင့်အမှာစကားပြောကြားပြီး စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ဖြစ်ပေါ်လာပုံကိုဦးသီဟစော က တင်ပြဆွေးနွေးသည်။
ထို့အပြင် မြန်မာနိုင်ငံစာနယ်ဇင်း လွတ်လပ်ခွင့် အတွေ့အကြုံများဟူသည့် စာတမ်းကို ဆရာ မောင်ဝံသက လည်းကောင်း၊ သတင်းစာဆရာအသင်းဖြစ်မြောက်ရေး ကော်မတီ၏ အချက် ၁၂ ချက်ပါ သဘောထားကြေညာချက်ကို ဦးအောင်လှထွန်းက လည်းကောင်း ဖတ်ကြားကြောင်း အသင်း၏ အတွင်းရေးမှူး အဖွဲ့မှ ဦးဖိုးနိုင်လင်းက ဧရာဝတီကို ပြောသည်။
“အရင်တုန်းကထက် လွတ်လပ်ခွင့် ပို ရလာတာကတော့ အမှန်ပဲဗျ။ ဒါပေမယ့် ကျနော်တို့လိုချင်တဲ့ အတိုင်းအတာ တခု အထိ တော့ မရောက်သေးဘူးပေါ့။ ရာနှုန်းပြည့် လွတ်လပ်တယ် ဆိုတာကတော့ မရှိသေးဘူးပေါ့”ဟု သူက ဆိုသည်။
ဂျာနယ် အယ်ဒီတာ တဦးဖြစ်သည့် ဦးသီဟစောကလည်း ယခုအခါ ဆင်ဆာဘုတ်ထံ တင်ပြစရာ မလိုသည့် စာစောင် အရေ အတွက်များလာကြောင်း၊ တင်နေရဆဲ စာစောင်များလည်းရှိနေသေးကြောင်း၊ ဆင်ဆာဘုတ် မရှိလျှင် ကောင်းမွန်ကြောင်း ဧရာဝတီကို ပြောသည်။
“Media Law (စာနယ်ဇင်း ဥပဒေ ) ဆိုတာ မရှိလေ ကောင်းလေပဲ။ သတင်းလွတ်လပ်ခွင့်အပြည့်ရှိရင်တော့ ပိုကောင်းတယ်။ စာနယ်ဇင်း ဥပဒေ ရှိတဲ့ နိုင်ငံတွေက တနည်းမဟုတ်တနည်းနဲ့တော့ အဟန့်အတားတို့ အကန့်အသတ်တို့ ရှိကြတာပဲ”ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းလောကတွင် နိုင်ငံရေးနှင့်ပတ်သက်၍ စကားလုံး အသုံးအနှုန်းပြုပြင်ရခြင်းအနည်းငယ် ကျန်ရှိ နေသေး ကြောင်း၊ ယခုအခါ စာနယ်ဇင်း ဥပဒေနှင့်ပတ်သက်၍လည်း ပုံနှိပ်ဆိုင်ရာသာ ဦးစားပေးလုပ်နေကြောင်း၊ ကျန် မီဒီယာများတွင် လည်း ရှိသင့်ကြောင်း၊ ပေါ်ထွက်လာမည့် စာနယ်ဇင်း ဥပဒေသည် လွတ်လပ်မှု ထိခိုက်မည်ကို မလိုလားကြကြောင်း၊ ပိုမိုလွတ် လပ်ပြီး သတင်းသမားများ၏ တာဝန်ယူမှုရှိသည့် သတင်းများကို ခွင့်ပြုသွားသင့်ကြောင်း ဦးဖိုးနိုင်လင်းက ဆိုသည်။
မန္တလေးရှိ စာနယ်ဇင်းသမားများကလည်း မန္တလေးမြို့ ဆင်ဖြူတော် စားသောက်ဆိုင်တွင် ယနေ့ နံနက်က အခမ်းအနား ကျင်း ပ ခဲ့ရာ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)၊ မောင်သစ်လွင်(လူထု)၊ ညီစေမင်း၊ သိုက်ထွန်းသက်၊ ညီပုလေး၊ ဆူးငှက် စသည်တို့ အပါအဝင် မန္တလေးမြို့မှ သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ်၊ ဘလော့ဂ်ဂါ များနှင့် စိတ် ဝင်စားသူများ စုစုပေါင်း ၅၀ ကျော်တက်ရောက်၍ စာနယ်ဇင်းလွတ်လွပ်ခွင့်ဆိုင်ရာ ဆွေးနွေးကြကြောင်း သိရသည်။
“ထင်သာမြင်သာတဲ့ သတင်းတွေတော့ ကျနော်တို့ စတွေ့နေရပါပြီ။ ဒီပွဲကို တက်ခွင့်ရတာ ဒါပထမဆုံးလည်းဖြစ်လို့ ကျနော် ဝမ်းသာပါတယ်။ ကောင်းတဲ့လက္ခဏာပါ”ဟု မန္တလေးမှ စာရေးဆရာ ညီပုလေး က ပြောသည်။
အနာဂတ် စာနယ်ဇင်း လွတ်လပ်မှုသည် အစိုးရနှင့် လွှတ်တော်တို့က ပြည်သူကို မည်သည့် အတိုင်းအတာအထိ လွတ်လပ်မှုှုပေးမည့်အပေါ် မူတည်ကြောင်း သူက ဆက်ပြောသည်။
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကမူ“ဒီခေတ်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်ရှိသလိုလို ဘာလိုလို လူတွေကပြော နေကြတယ်။ ဒီကနေ့ လွတ်လပ်ခွင့်က ဘာ လွတ်လပ်ခွင့်လဲ။ ဒီနေ့လွတ်လပ်ခွင့်ဟာ လူတွေရဲ့ ပြောဆိုချက် တွေ၊ လူတွေရဲ့ လှုပ်ရှားမှုတွေ၊ လူတွေရဲ့ ဖြစ်ရပ်တွေ၊ အဖြစ်အပျက်တွေ အဲဒါတွေကို ရေးခွင့်ရတာကိုက လွတ်လပ်ခွင့်လို့ ထင်နေကြတာ။ ဒါက အမှောင်ထဲမှာ အနေကြာ လာခဲ့လို့ ဒါကို အဟုတ်ထင်နေကြတယ်”ဟု ဧရာဝတီကို ပြောသည်။
အတွေးအခေါ်၊ အယူအဆနှင့် ဝေဖန်မှုများကို ရေးသားတင်ပြရာတွင် လွတ်လပ်ရုံသာမက၊ စာနယ်ဇင်းသမား လူပုဂ္ဂိုလ် များကို ချုပ်နှောင်တားဆီး သည့် ဥပဒေများကို ဖယ်ရှားပေးရန်လည်း လိုကြောင်း သူက ဆက်ပြောသည်။
ယခင် ဝန်ကြီးချုပ်ဟောင်း ဦးနု ၏ ပါလီမန် ဒီမိုကရေစီခေတ်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အကျင့်ပျက်ခြစားမှုများ၊ အဂတိ လိုက်စားမှုများ ကိုပင် ဝေဖန် ရေးသားခွင့်ရရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ သတင်းစာ ခေတ်ဦး မင်းတုန်းမင်း ခေတ်ကမူ သတင်းစာ လွတ်လပ်ခွင့် အပြည့်အ၀ ပေးခဲ့သည်ကို မှတ်တမ်းများအရ သိရသည်။
ရန်ကုန်အခြေစိုက် လူငယ်သတင်းထောက် အများစုဖြင့် ဖွဲ့စည်းထားသည့် မြန်မာဂျာနယ်လစ် ကွန်ရက်ကလည်း စာနယ်ဇင်း သမားများ၏ အခွင့်အရေး ကာကွယ်နိုင်ရန် ယမန်နေ့က ဆွေးနွေးဝိုင်းများ လုပ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ အခွင့်အရေး ကာကွယ်ရေးကော်မတီ (CPJ) က မေ လ ၂ ရက်နေ့က ထုတ်ပြန်ထားသော ကမ္ဘာ့စာနယ်ဇင်း ကန့်သတ်မှုအများဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ဆက် လက် ပါဝင်နေပြီး အဆင့် ၇ တွင် ရှိနေသည်။ အဆင့် ၁ သည် အီရီတြီးယားနှင့် အဆင့် ၂ သည် မြောက် ကိုရီးယားနိုင်ငံ အဖြစ် သတ်မှတ်ထားသည်။
ယခုနှစ် မတ်လကုန်ပိုင်းကလည်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ RSF(Reporters Sans Frontières- Reporters without borders) က မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်လက်ထက် စာနယ်ဇင်း ဆင်ဆာ ပိတ်ပင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲ မှု ဆက်လက်လုပ်လာလျှင် မြန်မာကို အင်တာနက်ရန်သူတော် (Enimies of Internet) စာရင်းမှ မကြာမီ ဖယ်ရှားသွားဖွယ်ရှှိကြောင်း ထုတ်ပြန်ခဲ့သေးသည်။
၁၉၉၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှ မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး UNESCO အဖွဲ့ကြီးကလည်း နှစ်စဉ် ဦးစီးကျင်းပလေ့ ရှိသည်။