လာမည့် ၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် အနားယူဖွယ်ရှိကြောင်း ပြည်ပသတင်းများက ရေးသားဖော်ပြနေချိန် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးလည်း ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသည်ဆိုသော ကောလာဟလ သတင်းများ ရန်ကုန်မြို့ရှိ ပြည်သူများကြားနှင့် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့ နေသည်။
သမ္မတ၏ နိုင်ငံရေးရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က အမေရိကန်အခြေစိုက် စီးပွားရေး သတင်းစာ Bloomberg အား ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် နိုင်ငံရေးမှ အနားယူဖွယ်ရှိကြောင်း ပြောဆိုသည့် တချိန်တည်းမှာပင် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သည်လည်း ရာထူးမှ နုတ်ထွက်သွားကြောင်း ကောလာဟလ သတင်းများ ရန်ကုန်တွင်
ပျံ့နှံ့လျက် ရှိသည်။
ဧရာဝတီမှ စုံစမ်းကြည့်ရာတွင် ဦးတင်အောင်မြင့်ဦး နုတ်ထွက်သည့် သတင်းအပေါ် အစိုးရနှင့် နီးစပ်သည့် သတင်း ရပ်ကွက်များက အတည်ပြုခြင်း မရှိပေ။ သိုသော် ဦးတင်အောင်မြင့်ဦးမှာ မကြာသေးမီက စင်ကာပူတွင် ဆေးကုသမှုခံယူပြီး ယခုအခါ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုမူ နီးစပ်သူများက ပြောဆိုလိုခြင်းမရှိပေ။
အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူဟု လူသိများသည့် ဦးတင်အောင်မြင့်ဦး သည် ဦးသိန်းစိန် အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း အမြင်တူညီခြင်းမရှိကြောင်း အစိုးရနှင့် နီးစပ်သူများက ဆို သည်။
ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အစိုးရသစ်လက်ထက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် ဒု သမ္မတဖြစ်လာသူတဦးဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီ ပိုင်ရှင် စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်တို့နှင့် ရင်းနှီးသူ တဦးလည်း ဖြစ်သည်။
ဦးတင်အောင်မြင့်ဦးနှင့်ဇနီး သင်္ကြန် ရေကစားနေသည့် ဓာတ်ပုံများ ဧပြီလ ၁၇ ရက်ထုတ် အစိုးရသတင်းစာများတွင် နောက်ဆုံး ဖော်ပြ ခဲ့သည်။
မကြာသေးခင်းကလည်း သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတားဖြစ်နေသော အစိုးရအဖွဲ့ဝင်များကို ဖယ်ရှားပြီး အစိုးရ အဖွဲ့သစ် ပြောင်းလဲဖွဲ့စည်းတော့မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
အစိုးရအဖွဲ့သစ်ပြောင်းလဲရာတွင် ထုတ်ပယ်ခံရမည်ဟု လူအများ ထင်ကြေးပေးပြောဆိုနေသူများ စာရင်းတွင် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် (၁) လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးဇော်မင်းတို့ပါဝင်သည်။
ယမန်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)ကိုမှ ကြီးမှုကျင်းပသည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်
ခွင့်နေ့ အခမ်းအနားတွင် ပုံမှန်တက်ရောက်နေကြ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မလာရောက်ခဲ့သဖြင့် လေ့လာစောင့်ကြည့် သူများက ဦးကျော်ဆန်း၏ အနေအထားကိုလည်း မေးခွန်းထုတ်နေကြသည်။