သတင်း

ဗိုလ်နှုတ်ခမ်းမွေး ဆုငွေအရေး ထိုင်းစစ်တပ် တပ်လှန့်ထား

This article has been converted from Zawgyi One to Unicode

အစိုးရနှင့် အပစ်ရပ်ထားသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် ဖုပ္ဖရဒေသတလျှောက်တွင် ထိုင်းစစ်တပ်က တပ်လှန့်ထားကြောင်း သိရသည်။

ထိုင်းစစ်သားတချို့ကို ထိုင်း-မြန်မာ နယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - Thairath)

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆုငွေထုတ်ထားသည့် ကိစ္စအား ထိုင်းအာဏာပိုင်များ ဖြေရှင်းခြင်း မပြုလုပ်ပါက နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လိမ့်မည်ဟု DKBA တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က ယခုလ ၁ ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် ထိုင်းစစ်တပ်က ထိုသို့ တပ်လှန့်ထားခြင်း ဖြစ်သည်။

DKBA တပ်ဖွဲ့ဝင်များ၏ရန်ကို ကာကွယ်ရေးအတွက် ဖုပ္ဖရဒေသတလျှောက်တွင် ထိုင်းစစ်တပ်က တာဝန်ယူရန် ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Prayut Chan O Cha က အမိန့်ပေးထားကြောင်း ထိုင်းရတ် (Thairath) သတင်းဌာန အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

“သူတို့ကို အရင် မစဘူး။ အခုဖြစ်တဲ့ကိစ္စက ဥပဒေနဲ့ပဲ ဆိုင်တယ်။ တိုက်ခိုက်လာရင်တော့ ဖြေရှင်းလို့ မရဘူး။ ဒါပေမယ့် သူတို့ဘက်က မှန်တယ်ထင်ရင်တော့ ဆက်လုပ်” ဟု ဗိုလ်ချုပ် Prayut Chan O Cha က ယင်းသတင်းဌာနသို့ ပြောဆိုထားသည်။

ပြဿနာများ မည်သို့ဖြေရှင်းသွားမည်ကို မသိရသေးသော်လည်း အဓိကအားဖြင့် နယ်စပ်ဒေသရှိ ထိုင်းနိုင်ငံသားများ အန္တရာယ်မဖြစ်အောင် ကာကွယ်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ နှစ်ဖက်ဒေသခံများသည် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ DKBA တပ်ဘက်ကလည်း စစ်ရေးပြင်ဆင်ထားပြီး နယ်စပ်ဂိတ်များကို ပိတ်ပင်ထားသည်။

DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်က “ကျနော်တို့တပ်တွေကို လက်လှမ်း မီသလောက် ပြောထားတယ်၊ ထိုင်းဘက်ကလည်း ကမ်းနားမှာ ထိုင်းတပ်တွေ ကင်းလှည့်နေတာ တွေ့နေတယ်၊ နယ်စပ်တွေမှာ ဟိုဘက်ကလာတဲ့ တောင်ယာလုပ်တဲ့ ထိုင်းလူမျိုးတွေကို ပေးမကူးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားကို ပိတ်ရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်နိုင်သည့်အတွက် အခက်အခဲရှိကြောင်း ၎င်းကဆိုသည်။

မြဝတီမြို့ ဒေသခံကုန်သည်တဦး၏ အဆိုအရ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတား ယခုအထိ ပိတ်ထားခြင်း မရှိကြောင်း၊ ပုံမှန်သွားလာနေကြောင်း ဆိုသည်။

ဧပြီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ် အဖွဲ့ရုံး (ONCB) က ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခဲ့ပြီးနောက် DKBA နှင့် ထိုင်းအာဏာပိုင်များအကြား တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မူးယစ်းဆေးဝါးနှင့်ပတ်သက်၍ ဆုငွေထုတ်ထားသည့် ၂၅ ဦးထဲတွင် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံမှ ၃ ဦး ပါဝင်သည်။

မြန်မာအစိုးရက လတ်တလော DKBA နှင့် ထိုင်းစစ်တပ်တို့၏ စစ်ရေးတင်မားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Loading