မြန်မာနိုင်ငံ တံခါးဖွင့်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အခြေအနေတွင် ဖြစ်ပေါ်လာသည့် လူမှုရေး အပြောင်းအလဲများအား သုတေသနပြုရာ၌ သိသင့်သည့် ဗဟုသုတနှင့် လိုအပ်သည့် ကျွမ်းကျင်မှုတို့ သင်ကြားနိုင်ရန် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ချင်းမိုင်တက္ကသိုလ် (CMU) က မြန်မာပညာတော်သင်များအတွက် ပညာရေးအခွင့်အလမ်းတခု ဖန်တီးပေးလိုက်ပြီဖြစ်သည်။
မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုကို သိနားလည်ရေး (Understanding Myanmar’s Development) ဟုခေါ်သည့် သုတေသနဆိုင်ရာ ပညာတော်သင် အစီအစဉ်ကို ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံဌာနအောက်ရှိ လူမှုသိပ္ပံနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ဒေသတွင်းဌာန (Regional Center for Social Science and Sustainable Development – RCSD) မှ ကြီးမှူးပြီး မြန်မာသုတေသီများ၏ စွမ်းရည် ပိုမိုအားကောင်းလာစေရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဗဟုသုတအသိ ပိုမိုကြွယ်ဝလာစေရေး၊ မြန်မာ၊ ထိုင်းနှင့် တခြားနိုင်ငံများမှ သုတေသီများအကြား ရေရှည် အပြန်အလှန် ပညာရေးဖလှယ်မှုကို အားပေးရေးတို့ကို ရည်ရွယ်ကြောင်း သိရသည်။
ယင်းအစီအစဉ်မှာ အငယ်တန်းနှင့် အလတ်တန်း သုတေသီများအတွက်ဖြစ်ပြီး လတ်တလော ပညာသင်ကြားနေသူများ သာမက စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းနှင့် မီဒီယာလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများလည်း လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
အဓိကဦးစားပေး သုတေသနမှာ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု (Social and economic development)၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုအပြောင်းအလဲ (Agricultural development, the environment and climate change)၊ ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ (Health and health systems)၊ သတင်းအချက်အလက်၊ မီဒီယာနှင့် လူ့အဖွဲ့အစည်း (Information, the media and society) တို့ ဖြစ်သည်။
ယင်းအစီအစဉ်ကို ယခုနှစ် ဇူလိုင်လတွင် စမည်ဖြစ်ပြီး လျှောက်လွှာများကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း၊ ပညာတော်သင်ရရှိသူများကို ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အသေးစိတ် အချက်အလက်များ၊ လျှောက်လွှာနှင့် ဆက်သွယ်ရန် လိပ်စာတို့ကို http://www.mrf-fellowships.weebly.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။